မင်းဇော်မင်း
.
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ နောင်စန့်ရပ်ကွက်တွင်
နိုဝင်ဘာလ ၄ ရက် ညနေပိုင်းက လူမှုကူညီရေးအသင်းဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာများ
ရရှိခဲ့ကြောင်း သိရသည်။
.
နမ့်ခမ်းမြို့၊ နောင်စန့်ရပ်ကွက်နေ လူမှုကူညီရေးအသင်းဝင်
ဦးစိုင်းအောင်ဝင်းသည် နိုဝင်ဘာလ ၄ ရက်၊ ည ၇ နာရီ ၁၅ မိနစ်ခန့်က နေအိမ်ရှေ့တွင် ကားရပ်ထားသည်ကို
ကြည့်နေစဉ် အမည်မသိ သေနတ်သမားမှ ဆိုင်ကယ်ဖြင့် ရောက်လာပြီး သေနတ်ဖြင့် ၃ ချက် ပစ်ခတ်သဖြင့်
ဒဏ်ရာရရှိခဲ့ပြီး နမ့်ခမ်းဆေးရုံတွင် လုံခြုံရေးအစောင့်များဖြင့် ဆေးကုသမှု ခံယူနေခြင်းဖြစ်ကြောင်း
သိရသည်။
.
“သူက အရင်က SNLD က မြို့နယ်
EC ကနေ နုတ်ထွက်ထားတာ။ အခုက လူမှုကူညီရေးအသင်းမှာ မြို့ကို ကူညီ
နေတာပါ။ အရင်ကလည်း မြို့ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီမှာ အတွင်းရေးမှူးပါ။
ဒဏ်ရာတွေ ကတော့ စိုးရိမ်စရာ မရှိတော့ဘူးလို့ သိရတယ်။ လာပစ်တာ ကြေးစားဖြစ်ဖို့ များတယ်”
ဟု နမ့်ခမ်းမြို့နေ မြို့မိမြို့ဖ ဒေါက်တာစိုင်းကျော်အုန်းက ပြောသည်။
.
အဆိုပါ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးစိုင်းအောင်ဝင်းတွင်
တင်ပါးနှင့် ဝမ်းဗိုက် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ခွဲစိတ်ကုသမှု ခံယူပြီးဖြစ်ကြောင်း
သိရသည်။
.
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကလည်း ဦးစိုင်းအောင်ဝင်း၏
နေအိမ်ရှေ့တွင် ဗုံထောင်ခြင်းခံခဲ့ရဖူးကြောင်း သိရသည်။
.
No comments:
Post a Comment