မင်းဇော်မင်း
.
လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ရွေးကောက်ပွဲအကြိုကာလအတွင်း
လုပ်ငန်းဆောင်ရွက်စဉ်က သေနတ်ဖြင့် ပစ်ခတ် ခံရပြီးထိခိုက်ဒဏ်ရာရရှိခဲ့သည့် လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး
ဦးနိုးဝေ၊ ဌာနခွဲစာရေး ဦးနေမင်းအောင်နှင့် လွတ်မြောက် ခဲ့သူ မိုင်းပန်မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးစိုးမင်းထက်တို့အား မိုင်းပန်မြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များက ယနေ့
နိုဝင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းတွင် မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့သည်ဟု သိရသည်။
.
“ရွေးကောက်ပွဲမှာ ဝန်ထမ်းတွေရဲ့ ကဏ္ဍက အရေးအကြီးဆုံးဖြစ်ပါတယ်။
အခုလို ရွေးကောက်ပွဲအတွက် လုပ်ဆောင် ရင်း ဖြစ်ရတဲ့အတွက် ထိခိုက်ဒဏ်ရာရရှိခဲ့သူ၊ လုပ်ဆောင်ခဲ့သူတွေကို
စိတ်မကောင်းကြောင်း ပြောကြားလိုပါတယ်။ နောက်ပြီး အထူးလည်း ကျေးဇူးတင်တာဖြစ်တဲ့အတွက်
အခုလို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ရခြင်းဖြစ်ပါတယ်” ဟု မိုင်းပန်မြို့နယ်မဲဆန္ဒနယ်အမှတ်
(၁) မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနောင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ မှတ်တမ်းတင်ဂုဏ်ပြုလွှာတွင် ဖြစ်စဉ်နှင့်
ပတ်သက်၍ မိုင်းပန်မြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးမှ ပြည်သူများနှင့်အတူ စိတ်မကောင်းဖြစ်မိကြောင်းနှင့်
အထွေထွေရွေးကောက်ပွဲ အောင်မြင်အောင် အင်တိုက်အားတိုက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်
ဆောင်ရွက်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။
.
“ကျွန်တော့်အနေနဲ့ အထွေထွေရွေးကောက်ပွဲ အောင်မြင်စေဖို့အတွက်
တောင်တက်တဲ့ကားငှားပြီး မဲရုံဝန်ထမ်းတွေကို ခရိုင်အုပ်ချုပ်ရေးမှူးနဲ့အတူ လိုက်ပို့ခဲ့တာပါ။
မသွားခင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို တရားဝင် စာရော၊ နှုတ်နဲ့ပါ အချိန်မီ အသိပေးတင်ပြခဲ့တာပါ။
အခုဖြစ်စဉ်က အသွားသာဖြစ်ခဲ့ရင် မတွေးဝံ့စရာပါပဲ။ ခရိုင်အုပ်ချုပ်ရေးမှူး ကတော့ ပေါင်ကျိုးလို့
စတီးလ်ရိုး ထည့်ထားရတယ်။ ဌာနခွဲစာရေးကတော့ ဆေးရုံက ဆင်းသွားပါပြီ။ ကျွန်တော့် အနေနဲ့
ကတော့ ရွေးကောက်ပွဲကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပေမဲ့ ဒီနေ့အထိ စိတ်ထိခိုက်မှုများစွာ
ခံစားနေရ တုန်းပါပဲ” ဟု မိုင်းပန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က မှတ်တမ်းတင်ဂုဏ်ပြုလွှာ
ပေးအပ်ပွဲတွင် ပြောဆိုခဲ့ သည်။
.
ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်က လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး
ဦးနိုးဝေနှင့် အဖွဲ့သည် မိုင်းပန်မြို့နယ်၊ နားမွန် ကျေးရွာအုပ်စုရှိ ကျေးရွာ ၃ ရွာမှ
မဲရုံ ၄ ရုံတွင် တာဝန်ထမ်းဆောင်မည့် တာဝန်ကျဝန်ထမ်း ၁၅ ဦးအား မဲလက်မှတ်များ၊ မဲရုံသုံးပစ္စည်းများ၊
COVID-19 ရောဂါ ကာကွယ်ရေး ပစ္စည်းများနှင့်အတူ သွားရောက်ပို့ဆောင်ပေးခဲ့ပြီး
အပြန် နောင်လွန်ကျေးရွာအဝင် ဟွေဆွဲရွာပျက်အနီးတွင် RCSS လက်နက်ကိုင်တပ်ဖွဲ့မှ
သေနတ်ဖြင့် ပစ်ခတ်သဖြင့် ခရိုင် အုပ်ချုပ်ရေးမှူး ဦးနိုးဝေနှင့် ဌာနခွဲစာရေး ဦးနေမင်းအောင်တို့တွင်
သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပြီး လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေမှာ
တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူရာမှ ပြန်လည် သက်သာလာပြီဖြစ်ကာ မကြာမီ
ဆေးရုံမှ ဆင်းခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
.