တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအတွင်းသို့ လူစုလူဝေးဖြင့် ဝင်ရောက်ခြင်းမပြုရန် တားမြစ်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအတွင်းသို့ လူစုလူဝေးဖြင့် ဝင်ရောက်ခြင်းမပြုရန် တားမြစ်ထား

စုလှိုင်

.

တောင်ကြီးမြို့၊ အဝေရာကုန်းသာယာမီးပုံးပျံကွင်းအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ယနေ့ နိုဝင်ဘာလ ၂၉ ရက်မှ စတင်၍ ဝင်ရောက်ခြင်းမပြုရန် တားမြစ်ထားသည်ဟု သိရသည်။

.



.

“မီးပုံးပျံ ကွင်း ပိတ်တယ်ဆိုတာထက် လူစုလူဝေး မဖြစ်အောင်ထိန်းတာပေါ့။ အဲဒီနေရာမှာတော့ ဒေသန္တရအမိန့် ထုတ်ထားပြီးသားပါ။ ပညာပေးတယ်။ ရှင်းပြတယ်။ပြောတယ်။ လိုက်နာမှု မရှိဘဲ ကလန်ကဆန်လုပ်တယ်ဆိုရင် တည်ဆဲဥပဒေ နဲ့ အရေးယူသွားမှာဖြစ်တယ်” ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှုး ဦးဖြိုးမင်းထိုက် က ကမ္ဘောဇတိုင်း သို့ ပြောသည်။

.

တောင်ကြီးမြို့နယ်တွင် COVID-19 ရောဂါ ကူးစက်မှု များပြားလာသည့် အတွက် အဝေရာမီးပုံးပျံကွင်း အတွင်းသို့ လာရောက်အပန်းဖြေခြင်း၊ အရက်သေစာ သောက်စားခြင်း၊ မီးရှူးမီးပန်းများမီးပုံးပျံများ လွှတ်တင်ခြင်းများကို မပြုလုပ်ကြရန် တားမြစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

.

ယနေ့ နိုဝင်ဘာလ ၂၉ ရက်သည် တန်ဆောင်မုန်းလပြည့်ည ဖြစ်သည့်အတွက် တောင်ကြီးဒေသခံ မီးပုံးပျံဝါသနာရှင် အချို့မှ ယင်းအဝေရာမီးပုံးပျံကွင်းအတွင်း ရိုးရာမီးပုံးပျံ လွှတ်တင်ရန် ပြင်ဆင်နေမှုများလည်း ‌ရှိနေကြောင်း သိရသည်။

.

တောင်ကြီးမြို့နယ်အတွင်းရှိ  အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများ ဖြစ်သော အဝေရာမီးပုံးပျံကွင်း အပါအဝင် ပန်းခြံ၊ အားကစားကွင်း၊ ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အဦ အနီးဝန်းကျင်နေရာတို့တွင် အရက်သေစာ သောက်စားခြင်း၊ မူးယစ် ရမ်းကားခြင်း၊ အုပ်စုဖွဲ့ ရန်ဖြစ်ခြင်း၊ အများပြည်သူ စိတ်ညိုငြင်စေရန် ပြုမှုပြောဆိုခြင်းအား မပြုလုပ်ရန် တောင်ကြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အောက်တိုဘာလ ၁၆ ရက်တွင် ဒေသန္တရအမိန့် ထုတ်ပြန်ထားသည်ဟု သိရသည်။

.

Journal Download

Photo of three cats