မင်းဇော်မင်း
.
မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ ပင်ကြိမ်ရွာဟောင်းတွင်
ယနေ့ နိုဝင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းက မုန်ယိုနေသော ဆင်မှ လူ ၃ ဦးအား ထပ်မံသတ်ဖြတ်ခဲ့ကြောင်း
သိရသည်။
.
.အဆိုပါ မုန်ယိုဆင်သည် နိုဝင်ဘာလ ၁၁ ရက်၊ နံနက်ပိုင်းက
စီပိန်းကျေးရွာတွင် ဆင်ဦးစီးအား သတ်ဖြတ်ခဲ့ပြီးနောက် ယခု နိုဝင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းတွင်
လူ ၃ ဦးအား ထပ်မံသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
“အရင်ရက်က ဆင်ဦးစီးကိုသတ်တယ်။ ဒီနေ့ (နိုဝင်ဘာ
၁၃ ရက်) မနက်အစောမှာ လူ ၃ ဦးကို ထပ်သတ်တယ်။ သူ့ကို ဖမ်းဖို့ မိုးမိတ်သစ်တောဌာနက လာနေပြီ။
တပ်ကလည်း ဆင်ကို ခြောက်လှန့်ပစ်ခတ် ထိန်းနေတယ်။ အခုမနက် အထိတော့ ရွာဟောင်း ဆန်စက်ထဲမှာ
ခိုနေတယ်။ ဆင်ပိုင်ရှင် ဘယ်သူမှန်း မသိဘူး။ ရွာထဲကလူတွေလည်း လယ်ထဲ မဆင်းကြဘူး” ဟု မဘိမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးမောင်ညိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း မုန်ယိုဆင်သည် နိုဝင်ဘာလ ၁၂ ရက်က စီပိန်းရွာမှ
၆ မိုင်ခန့် ကွာဝေးသည့် ပင်ကြိမ်ရွာဟောင်းဘက်သို့ ရောက်ရှိ လာခြင်းဖြစ်ပြီး ရွာအနီးရှိ
ဦးသန်းဇော်၏ လယ်တဲကို သွားရောက်ဖျက်ဆီးရာ ဦးသန်းဇော်မှ ထွက်ပြေးစဉ် ဦးဘဉာဏ် အိမ်ရှေ့အရောက်တွင်
ဦးဘဉာဏ် (၃၀နှစ်) အား နင်းသတ်ခဲ့ခြင်းဖြစ်ပြီး ဦးအောင်ကြည်လွင် အိမ်ရှေ့အရောက်တွင်
ဦးအောင်ကြည်လွင် (၃၀ နှစ်) နှင့် ၎င်း၏တူတော်စပ်သူ အသက် ၅ နှစ်အရွယ် ကလေးငယ်တို့အား
ထပ်မံ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
“ဘောလုံးကွင်း တိုင်တွေကိုဖျက်တယ်။ အိမ်တစ်အိမ်လည်း
ဖျက်သွားတယ်။ လယ်ရိတ်ချိန် လယ်ထဲမှာ ဘယ်သူမှ မဆင်းရဲဘူး။ အခုလည်း ရွာနဲ့ အနီးမှာပဲ
ရှိနေဆဲဆိုတော့ ဘယ်သူမှ မသွားမလာရဲကြဘူး။ တပ်ကနေ ဆင်ကို လိုက်ပစ် နေပါတယ်” ဟု စီပိန်းကျေးရွာ
အုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်းက ပြောသည်။
.
အဆိုပါဆင်အား ပစ်သတ်ခွင့် သို့မဟုတ်
မည်သို့လုပ်ဆောင်မည်ကို ယနေ့ နံနက် ၁၁
နာရီအထိ မသိရသေး ကြောင်းနှင့် ထပ်မံ၍ လူသေဆုံးမည်ကို ရွာသူရွာသားများ
စိုးရိမ်နေကြကြောင်း သိရသည်။
.
No comments:
Post a Comment