စုလှိုင်
.
တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊
မြစပယ်တည်းခိုခန်းရှေ့တွင် နိုဝင်ဘာလ ၂၅ ရက်၊ ည ၉ နာရီခန့်က မော်တော်ယာဉ် ၂ စီး တိုက်မိရာမှ
နောက်ထပ် မော်တော်ယာဉ် ၂ စီးနှင့် မော်တော်ဆိုင်ကယ် ၁ စီးတို့ကို ဆင့်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်နေ သန်းဝင်း မောင်းနှင်လာသော
Micro Bus အမျိုးအစားယာဉ်သည် နိုဝင်ဘာလ ၂၅ ရက်၊ ည ၉ နာရီခန့်က
ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း တောင်မှ မြောက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာ
အရောက်တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်မှ အနောက်ဘက် ဂုဏ်ထူးလမ်းပေါ်သို့ ချိုးကွေ့ရာ
ဗိုလ်ချုပ်အောင်ဆန်း လမ်းအတိုင်း မြောက်မှ တောင်သို့ တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်နေ
ရန်နောင်စိုး မောင်းနှင်ပြီး မနှင်းနုကိုနှင့် မောင်သက်ဇင်အောင်တို့ လိုက်ပါစီးနင်းလာသည့်
Mini Bus အမျိုးအစားယာဉ် ၏ ရှေ့ဘက်ဝဲခြမ်းအား ဝင်ရောက်တိုက်မိရာ
၎င်းယာဉ်မှ ဗိုလ်ချုပ်အောင်ဆန်းလမ်းဘေး၊ မြစပယ်တည်းခိုခန်းရှေ့တွင် ရပ်တန့်ထားသော Mark-II
အမျိုးအစားယာဉ်၊ TOYOTA Hiace အမျိုးအစားယာဉ်နှင့်
Super ANBO-125 အမျိုးအစာ ဆိုင်ကယ်တို့အား ထပ်မံတိုက်မိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းသန်းဝင်းတွင်
ယာပါးပြင် ဖူးယောင်၊ နှာခေါင်းသွေးထွက်၊ ယာဒူးပွန်း ဒဏ်ရာ၊ မစိုးရိမ်ရ၊ ယာဉ်မောင်း
ရန်နောင်စိုးတွင် ဝဲနားရွက် ပြတ်ရှ၊ မေးစေ့အောက် ပွန်း၊ ဝဲလက်ဖမိုး/ဒူးပွန်းဒဏ်ရာ၊
မစိုးရိမ်ရ၊ မနှင်းနုကိုတွင် ဦးခေါင်းနောက်စေ့ ဖူးယောင်ဒဏ်ရာ မစိုးရိမ်ရ၊ သန့်ဇင်အောင်တွင်
ယာနားထင် ဖူးယောင်၊ နဖူး သွေးထွက်၊ ယာမျက်ခုံးပေါ် ပြတ်ရှ၊ ဝဲနှုတ်ခမ်းပေါ် ပွန်းပဲ့၊
ဝဲမေးစေ့အောက် ပွန်းပဲ့၊ ဝဲ/ယာလက်ဖမိုးပွန်း၊ ဝဲဒူး/ခြေမ ပွန်းဒဏ်ရာ၊ မစိုးရိမ်ရနှင့်
ဆိုင်ကယ်ယာဉ်မောင်း ကျော်ဇောတွင် ဝဲ/ယာဒူး နာကျင်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း သိရသည်။
.
ယာဉ်တိုက်မှုနှင့် ပတ်သက်၍ မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်ပြီး
တစ်ဘက်ယာဉ်ကြော မရှင်းဘဲ လမ်း၏ ဝဲဘက်သို့ အရှိန်ဖြင့် ချိုးကွေ့မောင်းနှင်သဖြင့် ယာဉ်တိုက်မိပြီး
မိမိကိုယ်တိုင်နှင့် အခြားသူများအား ထိခိုက်ဒဏ်ရာရရှိ စေသူ ယာဉ်မောင်း သန်းဝင်းအား
တောင်ကြီးနယ်မြေရဲစခန်းတွင် ယာဉ် (ပ)၁၇/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.