အောင်ပန်းတွင် ကားနှင့် ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, November 30, 2020

အောင်ပန်းတွင် ကားနှင့် ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ သေဆုံး

စုလှိုင်

.

ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ရေချိုကျေးရွာအုပ်စု၊ ဇောတိကျေးရွာအနီး အောင်ပန်း-ပင်မှီသွား ကားလမ်းပေါ်တွင် နိုဝင်ဘာလ ၂၉ ရက်၊ ညပိုင်းက မော်တော်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်နှင်းသူ အမျိုးသား သေဆုံးကာ မော်တော်ယာဉ်မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

.

.

အောင်ပန်းမြို့၊ ဇောတိကျေးရွာနေ စိုးလင်းသည် နိုဝင်ဘာလ ၂၉ ရက်၊ ည ၈ နာရီခန့်က အောင်ပန်း-ပင်မှီသွားကားလမ်းအတိုင်း အောင်ပန်းဘက်မှ ဇောတိကျေးရွာဘက်သို့ ဆိုင်ကယ်မောင်းနှင်လာစဉ် မိုင်တိုင် (1+500KM) အနီး အရောက်တွင် မျက်နှာချင်းဆိုင်မှ မော်တော်ယာဉ်တစ်စီးက ၎င်းအား ဝင်ရောက်တိုက်မိပြီး မော်တော်ယာဉ် မောင်းနှင်သူမှာ အခင်းဖြစ်နေရာမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်းဖြစ်ကာ ဆိုင်ကယ် မောင်းနှင်သူ စိုးလင်းမှာ အောင်ပန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ရရှိဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွား ခဲ့ကြောင်း သိရသည်။

.

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များမှ အခင်းဖြစ်နေရာရှိ မျက်မြင်သက်သေများအား စုံစမ်းစစ်ဆေးခြင်း၊ ထွက်ပြေးတိမ်းရှောင်သွားသော ယာဉ်အား လိုက်လံရှာဖွေခြင်းများ ပြုလုပ်ခဲ့ရာ ရှေ့ပိုင်း ပျက်စီးနေသော အဖြူရောင် HI JET အမျိုးအစား မော်တော်ယာဉ်တစ်စီးသည် အောင်ပန်းမြို့၊ မိုးကောင်းရပ်ကွက် အတွင်းသို့ မောင်းဝင်သွားကြောင်း သတင်းရရှိသဖြင့် မိုးကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အတူ လိုက်လံရှာဖွေရာ အောင်ပန်းမြို့၊ မိုးကောင်းရပ်ကွက်နေ ဦးဗုတ် ၏  ​နေအိမ်ခြံဝန်းအတွင်းပျက်စီးနေသော HIJET တစ်စီး ရပ်တန့်ထား သည်ကို တွေ့ရှိရ၍ ခေါ်ယူစစ်ဆေး မေးမြန်းရာ ယာဉ်ပိုင်ရှင် ဦးဗုတ်မှ ဆိုင်ကယ်တစ်စီးအား တိုက်မိ၍ ထွက်ပြေး တိမ်းရှောင်နေကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု သိရသည်။

.

ယာဉ်တိုက်မှုမှ ယဉ်မဆင်မခြင်မောင်းနှင်ပြီး တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိ၍ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိ ကာ ထိခိုက်ဒဏ်ရာရ သေဆုံးစေသူ ယာဉ်မောင်း ဦးဗုတ်အား ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats