မိုင်းဆတ်မြို့နယ်မှ မဲရုံအချို့အား ပိတ်သိမ်း​ပေးရန် နယ်မြေခံပါတီနှင့် ကိုယ်စားလှယ်လောင်းများမှ တင်ပြ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, November 4, 2020

မိုင်းဆတ်မြို့နယ်မှ မဲရုံအချို့အား ပိတ်သိမ်း​ပေးရန် နယ်မြေခံပါတီနှင့် ကိုယ်စားလှယ်လောင်းများမှ တင်ပြ

စိုင်းသိင်္ခသူ

.

မိုင်းဆတ်မြို့နယ်မှ ကျေးရွာအုပ်စုအချို့၏ မဲရုံများအား လွတ်လပ်၍ တရားမျှသော ရွေးကောက်ပွဲ ဖြစ်နိုင်ချေ မရှိသဖြင့် အချိန်မီ ပိတ်သိမ်းနိုင်ရန် နယ်မြေခံ ပါတီနှင့်ကိုယ်စားလှယ်လောင်းများက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ နိုဝင်ဘာလ ၃ ရက်က စာဖြင့် ပေးပို့ တင်ပြခဲ့ကြောင်း သိရသည်။

.

.

မိုင်းဆတ်မြို့နယ်၊ မိုင်းထလန်းကျေးရွာအုပ်စု၊ လွယ်လန်းကျေးရွာအုပ်စု၊ ၀မ်ဟုန်(၀) ၊ ၀မ်ဟုန်(ရှမ်း)အုပ်စုများသည်  "ဝ" ထိန်းချုပ်နယ်မြေ အတွင်းရှိ ကျေးရွာအုပ်စုများ ဖြစ်ပြီး ယင်းကျေးရွာများ၌ နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် မဲရုံ ၁၂ ရုံ ရှိမည် ဖြစ်သော်လည်း အဆိုပါ နေရာများသို့ နိုင်ငံ​ရေး ပါတီများမှ မဲဆွယ် ဝင်ရောက်ရန် ခက်ခဲသဖြင့် ယင်းကဲ့သို့ တင်ပြရခြင်းဖြစ်ကြောင်း သိရသည်။

.

“မိုင်းယွန်းကို တစ်ခါပဲ ရောက်တယ်။ ကျန်နေရာတွေကို သွားဖို့ ၀င်ခွင့် မရလို့ မဲဆွယ်စည်းရုံးရေး မသွားရဘူး။ ရှမ်းရွာတွေက မဲထည့်ဖို့ စည်းရုံးရေးလာပေးပါလို့ ခေါ်ပေမယ့် သူတို့လည်း လာလို့ မရသလို၊ ကျွန်တော်တို့လည်း သွားလို့ မရတော့ ဒီနေရာတွေမှာ ရွေးကောက်ပွဲ မဲပေးတာက လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်လို့ရွေးကောက်ပွဲအမီ အချိန်မီ ပိတ်သိမ်းပေးဖို့  စုပြီး တင်ပြရခြင်း ဖြစ်တယ်” ဟု မိုင်းဆတ်မြို့နယ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ဥက္ကဌစိုင်းနန်တိက ပြောသည်။

.

အဆိုပါ တင်ပြစာတွင် “ဝ” ထိန်းချုပ်နယ်မြေ အတွင်းရှိ ကျေးရွာများတွင် အ၀င်/အထွက် ဂိတ်များ ထားရှိကာ စစ်ဆေးမှုများ ရှိနေခြင်း၊ ဝင်ရောက်ရန်အတွက်  ယာဉ် အမျိုးအစား၊ လူဦးရေ၊  ဝင်/ထွက်မည့် နေ့၊  အချိန်ဇယားများ ရေးဆွဲ၍ စာဖြင့် အဆင့်ဆင့် တင်ပြနေရခြင်း၊ ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် စည်းရုံး ဟောပြောရန် သွားသော်လည်း ဂိတ်ဖြတ်ရန် ပြန်လည် ဆက်သွယ်နေရခြင်း၊ ဆက်သွယ်သော်လည်း ဖုန်းကိုင် ဖြေကြားမည့်သူ မရှိခြင်း၊ ဖုန်းပိတ်ထားခြင်း စသည့် အခက်အခဲများကြောင့် ဂိတ် ပေါက်ဝတွင် အချိန် ကြာမြင့်စွာ စောင့်ဆိုင်းနေရပြီးအချိန်ကုန် လူပန်းခြင်းဖြင့်သာ ပြန်လာရသဖြင့် နိုင်ငံရေးပါတီများ အနေဖြင့် လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့် မရှိဘဲ အခက်အခဲများဖြင့် ရင်ဆိုင်နေရသည့်အတွက် အဆိုပါ မဲရုံ ၁၂ ရုံအား လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်နိုင်ခြေ မရှိနိုင်သဖြင့် အချိန်မီ ပိတ်သိမ်းသင့်ပါကြောင်း ဖော်ပြပါရှိသည်။

.

ယင်း တင်ပြစာကို မိုင်းဆတ်ခရိုင် NLD ပါတီ ဥက္ကဌ ဦးခင်မောင်ဦး၊ မြို့နယ်လားဟူအမျိုးသားဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးလောဒ၊ မြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဌ စိုင်းနန်တိ၊ မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)တွင် ရွေးကောက်ပွဲ ဝင်ရောက်မည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း အိုက်စိုင်း (ခ) စိုင်းဝဏ္ဏ တို့က လက်မှတ်ရေးထိုးတင်ပြခဲ့ခြင်း ဖြစ်သည်။

.

အဆိုပါ "၀"ထိန်းချုပ် နယ်မြေအတွင်း၌ "ဝ"တိုင်းရင်းသား ဦးရေ ၁၃၀၀၀ ကျော် အပြင် ရှမ်း၊ လားဟူနှင့် အခြားတိုင်းရင်းသား ၁၀၀၀၀ ခန့် ​နေထိုင်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About