စုလှိုင်
.
တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်ရှိ ဒေါ်ကြီးဒေါ်ငယ်
ပရဟိတကျောင်းတွင် ယနေ့ နိုဝင်ဘာလ ၂၀ ရက်၌ ကျရောက်သည့် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အဖြစ်
တောင်ကြီးတက္ကသိုလ် အင်္ဂလိပ်စာအထူးပြု ကျောင်းသား/သူများအဖွဲ့မှ
စာအုပ်စာစောင်များ လှူဒါန်းခဲ့သည်ဟု သိရသည်။
.
.“ကလေးငယ်တွေအတွက် နှလုံးသားအာဟာရ ဖြစ်သွားအောင်၊
သုတ၊ ရသစာအုပ်တွေနဲ့ ရင်းနှီး ပြီး အတွေးအခေါ အသိပညာတွေ ကြွယ်ဝလာစေဖို့ ရည်ရွယ်ပြီး
အခုအစီစဉ်ကို ပြုလုပ်ရခြင်းဖြစ်ပါတယ်” ဟု တောင်ကြီးတက္ကသိုလ် အင်္ဂလိပ်စာအထူးပြုကျောင်းသား
မောင်မျိုးလင်းအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထိုသို့ လှူဒါန်းရာတွင် ဒေါ်ကြီးဒေါ်ငယ်
ပရဟိတစောင့်ရှောက်ရေးကျောင်းမှ ကလေးသူငယ် ၇၀ ဦး အတွက် ပုံပြင်၊ ၀တ္ထု၊ မဂ္ဂဇင်း၊ ဆောင်းပါး၊ ရုပ်ပြစာအုပ်များ၊ ကာတွန်းစသည့်
သုတ၊ ရသစာအုပ် ပေါင်း ၁၅၀ ကျော်နှင့် ကလေးသူငယ်များ အတွက် အ၀တ်အထည်များ လှူဒါန်းခဲ့သည်ဟု
သိရသည်။
.
တောင်ကြီးတက္ကသိုလ် အင်္ဂလိပ်စာအထူးပြု ကျောင်းသား/သူများအဖွဲ့
အနေဖြင့် အေးသာယာမြို့ရှိ စိတ္တသုခ ပရဟိတ ကျောင်း၊ စမ်းလပမာ မိဘမဲ့စောင့်ရှောက်ရေးကျောင်းတို့တွင်
စာအုပ်စာစောင်များ လှူဒါန်းခဲ့ပြီးဖြစ်ကာ ယခု တတိယ အကြိမ်အဖြစ် ဒေါ်ကြီးဒေါ်ငယ်ပရဟိတစောင့်ရှောက်ရေးကျောင်းတွင်
စာအုပ်စာစောင်များ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် အဖွဲ့အနေဖြင့် COVID-19 ကာလအတွင်း တောင်ကြီးမြို့ပေါ်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား များအတွက်
အခြေခံစားသောက်ကုန်များကိုလည်း လှူဒါန်းပေးလျက်ရှိသည်ဟု သိရသည်။
.