တောင်ကြီးမြို့ပေါ်ရှိ မဲရုံအချို့တွင် ဗမာတိုင်းရင်းသားကိုယ်စားလှယ်မဲ ပေးခွင့်မရ ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ပေါ်ရှိ မဲရုံအချို့တွင် ဗမာတိုင်းရင်းသားကိုယ်စားလှယ်မဲ ပေးခွင့်မရ ဟုဆို

ကမ္ဘောဇတိုင်း

.

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲများကို ယနေ့ နိုဝင်ဘာလ ၈ ရက်၊ နံနက် ၆ နာရီအချိန်မှ စတင်၍ သက်ဆိုင်ရာ မဲရုံအသီးသီးတွင် မဲပေးလျက်ရှိရာ တောင်ကြီးမြို့ပေါ်ရှိ မဲရုံအချို့တွင် ဗမာတိုင်းရင်းသား ကိုယ်စားလှယ် မဲ ပေးခွင့်မရဘဲ ဖြစ်နေကြောင်း သိရသည်။

.

.

“ပြောရမယ်ဆိုရင်တော့ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးတာပေါ့။ အများကြီး နစ်နာတယ်။ ငိုတောင် ငိုချင်တယ်။ မနေ့က နေ့လယ် ၂ နာရီအထိ မဲစလစ်ပြား မရသေးတဲ့အတွက် ရပ်ကွက်ရုံးကို သွားတောင်းတဲ့အခါမှာ နယ်မြေမှူးက ခရီးထွက် နေတဲ့အတွက် ညနေလာပေးမယ်လို့ ပြောတယ်။ ညနေလည်း မလာဘူး။ ဒီမနက်လည်း မလာဘူး။ မလာတဲ့အတွက် မနက် ၆ နာရီမတ်တင်းလောက် မဲရုံကို လာပြီးပြောတော့ နယ်မြေမှူး မလာသေးပါဘူးလို့ ပြောတယ်။ မဲရုံထဲရောက်မှ မဲစလစ်ပြားကို ရတယ်။ ဒါပေမဲ့ ဗမာကို ထည့်ရမယ့် နေရာမှာ နံပါတ်မပါတဲ့အတွက် မပေးခဲ့ရဘူး။ ကျွန်မလိုလူတွေ အများကြီးပဲ” ဟု တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက် နေ ဒေါ်ဝင်းရီက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းရွှေ ထံသို့ ဆက်သွယ် မေးမြန်းရာတွင် “ကျွန်တော်တို့ဆီတော့ (ဖြစ်စဉ်) မရောက်သေးပါဘူး။ မသိသေးပါဘူး။ မဲလက်မှတ်ကတော့ အပြည့်အဝ ပေးထားပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

.

ထို့အတူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဗမာတိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်လောင်း ဦးကိုကိုမျိုးကလည်း “ပထမအကြိမ်နဲ့ ဒုတိယအကြိမ်မှာ မဲစာရင်းစစ်ဖို့ UEC ကလည်း ပြောတယ်။ ကျွန်တော်တို့ လည်း တတ်နိုင်သမျှ ပြောတယ်။ မဲဆန္ဒရှင်တွေအနေနဲ့ကလည်း ဂရုမပြုမိတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ နစ်နာမှုတချို့တော့ ရှိတာပေါ့။ နောက်တစ်ခေါက်ဆိုရင် ပိုပြီးဂရုပြုရမယ်လို့ မြင်ပါတယ်” ဟု ၎င်း၏အမြင်ကို သုံးသပ် ပြောဆိုခဲ့သည်။

.

ရှမ်းပြည်နယ်ရှိ မဲဆန္ဒရှင်ပြည်သူများအနက် ကချင်၊ လားဟူ၊ လီဆူ၊ အာခါ၊ အင်း၊ ကယန်းနှင့် ဗမာတိုင်းရင်းသားများ သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိသော တိုင်းရင်းသားများဖြစ်ပြီး ဗမာတိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်လောင်း နေရာတွင် တစ်သီးပုဂ္ဂလတစ်ဦး အပါအဝင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်း ၇ ဦး ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

.

Journal Download

Photo of three cats