တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအတွင်း လေတံခွန် (စွန်) လွှတ်သူ များပြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, November 14, 2020

တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအတွင်း လေတံခွန် (စွန်) လွှတ်သူ များပြား

အောင်ဆန်းဝင်း

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ အဝေရာကုန်းသာယာမီးပုံးပျံကွင်းအတွင်း နေ့စဉ် လေတံခွန် (စွန်) လွှတ်သူများဖြင့် စည်ကားများပြားနေလျက်ရှိကြောင်း သိရသည်။

.

.

“စွန် (လေတံခွန်) လွှတ်တာ ငယ်ငယ်ကတည်းက ဝါသနာပါတယ်။ ရပ်ကွက်ထဲက လမ်းတွေပေါ်မှာ လွတ်ရတာ မလွတ်မကင်းတာရယ်၊ အန္တရာယ်လည်း များတာကြောင့် ဒီကွင်းထဲမှာ လာလွှတ်တာပါ။ ညနေတိုင်း လာဖြစ်ပါတယ်” ဟု အဝေရာမီးပုံးပျံကွင်းအတွင်း အပျော်တမ်း လေတံခွန် လာရောက်လွှတ်တင်သူ တောင်ကြီးမြို့၊ ကျောင်းကြီးစု ရပ်ကွက်နေ ဝါသနာရှင်တစ်ဦးက ပြောသည်။

.

အဆိုပါ အဝေရာမီးပုံးပျံကွင်းအတွင်း၌ နေ့စဉ် လေတံခွန် လာရောက်လွှတ်တင်သူ ၂၀၀ ဦးခန့် ရှိနေပြီး ညနေပိုင်း အချိန်များတွင် လာရောက်သူ ပိုမိုများပြားကြောင်း သိရသည်။

.

ထိုသို့ လေတံခွန် လွှတ်တင်ရာတွင် အလှလွှတ်တင်သူ နည်းပါးပြီး တစ်ဖွဲ့နှင့် တစ်ဖွဲ့ အပြိုင်အဆိုင် ကြိုးဖြတ် လွှတ်တင်မှုများ ပိုမိုများပြားကြောင်း သိရသည်။

.

“လာလွှတ်တဲ့သူတွေထဲမှာ လူငယ်တွေ များတယ်။ လူလတ်ပိုင်းထဲကလည်း လာကြတယ်။ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာ ဖြစ်တဲ့အတွက် ပြတ်ကျလာတဲ့ စွန်တွေနဲ့ တခြား စွန့်ပစ်အမှိုက်တွေကိုတော့ အားလုံးသိမ်းဖို့ လိုအပ်တာပေါ့။ စွန်ကြိုးတွေက မှန်စာတွေ သုံးထားတော့ ထိခိုက်မိရင် အန္တရာယ်ဖြစ်စေနိုင်ပါတယ်” ဟု အပျော်တမ်း လေတံခွန်လွှတ်တင်သူတစ်ဦးကလည်း ပြောဆိုခဲ့သည်။

.

ယင်းကဲ့သို့ လာရောက်လေတံခွန် လွှတ်တင်သူ များပြားခြင်းကြောင့် အဝေရာမီးပုံးပျံကွင်း အနီးဝန်းကျင်တွင် အစား အသောက် ရောင်းချသည့် ဈေးသည်များလည်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။

.

အဝေရာမီးပုံးပျံကွင်း အပါအဝင် တောင်ကြီးမြို့နယ်အတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများဖြစ်သော ပန်းခြံ၊ အားကစားကွင်း၊ ကျောင်း၊ ဆေးရုံ၊ ဘာသာရေးဆိုင်ရာအဆောက်အဦ အနီးပတ်ဝန်းကျင်နေရာများတွင် အရက်သေစာ သောက်စားခြင်း၊ မူးယစ်ရမ်းကားခြင်း၊ အုပ်စုဖွဲ့ ရန်ဖြစ်ခြင်း၊ အများပြည်သူ စိတ်ငြိုငြင်စေရန် ပြုမူ ပြောဆိုခြင်းများ မပြုလုပ်ရန် တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေသန္တရအမိန့်အမှတ် ((၆/၂၀၂၀) ဖြင့် ထုတ်ပြန်တားမြစ်ထားသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About