ကမ္ဘောဇတိုင်း
.
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မေတ္တာတရားဖြင့်သာ
ယှဉ်ပြိုင်ပြီး ပြိုင်ဘက်ပါတီများနှင့် ရန်ဘက်ကဲ့သို့ သဘောမထားကြောင်း လားရှိုးမြို့နယ်
မဲဆန္ဒနယ်အမှတ် (၁) မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က ပြောဆိုခဲ့သည်။
.
.“လားရှိုးမှာတော့ အစစအရာရာ အေးဆေးပါတယ်။ အားလုံးကို
မေတ္တာနဲ့ပဲ ကျွန်တော်တို့ ယှဉ်ပြိုင်ပါတယ်။ ပြိုင်ဘက် ပါတီ အားလုံးနဲ့ ရန်ဘက်သဘောမျိုး
မဆောင်ပါဘူး။ တစ်ပါတီနဲ့ တစ်ပါတီ ချစ်ချစ်ခင်ခင်ပါပဲ။ ရန်စတာ၊ မခံချင်အောင် ပြောတာမျိုး
မရှိပါဘူး။ ပြိုင်တယ် ဆိုကတည်းက ကျွန်တော့်အနေနဲ့ကတော့ အနိုင်ရဖို့ မျှော်လင့်ထား ပါတယ်”
ဟု ဒေါက်တာလင်းထွဋ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဒေါက်တာလင်းထွဋ်သည် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲက
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ကိုယ်စားပြုအဖြစ် လားရှိုးမြို့နယ် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်
(၁) မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး လက်ရှိတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်
တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်ကာ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင်လည်း
ယင်းမဲဆန္ဒနယ်မှပင် ထပ်မံယှဉ်ပြိုင်သွားမည်ဖြစ်သည်။
.
အဆိုပါ လားရှိုးမြို့နယ် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်
(၁) တွင် ဒေါက်တာလင်းထွဋ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင်
နိုင်ငံရေးပါတီ ၉ ခုမှ ကိုယ်စားလှယ်လောင်း များနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
.
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်အား လက်ရှိအစိုးရသက်တမ်း
ကာလအတွင်း ပြည်ခိုင်ဖြိုးပါတီ အားကောင်းသည့် ရှမ်းပြည်နယ်ဒေသအတွင်း၌ ပြဿနာ တစ်စုံတစ်ရာ
မရှိဘဲ အဆင်ပြေပြေ အုပ်ချုပ် စီမံခန့်ခွဲ နိုင်သည့်အတွက် ချီးမွှမ်းပြောဆိုမှုများ
ရှိသလို လုပ်ဆောင်ချက် အားနည်းမှုများနှင့် ပတ်သက်၍ ဝေဖန်မှုများလည်း ရှိနေကြောင်း
သိရသည်။
.