ညောင်ရွှေတွင် အမှိုက်ခွဲခြားစွန့်ပစ်မှုစနစ် ရှေ့ပြေးအစီအစဉ် စတင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, November 3, 2020

ညောင်ရွှေတွင် အမှိုက်ခွဲခြားစွန့်ပစ်မှုစနစ် ရှေ့ပြေးအစီအစဉ် စတင်

မင်းဇော်မင်း

.

ညောင်ရွှေမြို့နယ်တွင် အရောင်ပါသည့် အမှိုက်အိတ်များဖြင့် အမှိုက်ခွဲခြားစွန့်ပစ်မှုစနစ် (Pilot Project) ကို ယနေ့ နိုဝင်ဘာလ ၃ ရက်က စတင်ပြုလုပ်လျက်ရှိ‌ကြောင်း သိရသည်။

.



.

ထိုသို့ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် အရောင်ပါအိတ်များအတွင်း အမှိုက်စိုနှင့် အမှိုက်ခြောက်များကို ခွဲခြား စွန့်ပစ်စေခြင်းဖြစ်ပြီး ယင်းအစီအစဉ်ကို လက်ခံမည့် အိမ်များမှတစ်ဆင့် ရှေ့ပြေး စတင်လုပ်ဆောင်မည်ဖြစ်သည်ဟု အဆိုပါအစီအစဉ်ကို လုပ်ဆောင်မည့် အင်းလေးနှင်းဆီကုမ္ပဏီထံက သိရသည်။

.

“ဒီအစီအစဉ်ကို လက်ခံမယ့်အိမ်တွေက စပါမယ်။ အိတ်ဖိုးပဲကုန်ပြီး လစဉ်ပေးသွင်းမှု မလိုတဲ့ ဒီစနစ် အဆင်ပြေ သွားရင် ဆက်လုပ်ဖို့ စာချုပ်ပုံစံပြောင်းဖို့တွေ ရှိပါတယ်” ဟု အင်းလေးနှင်းဆီကုမ္ပဏီမှ ဦးဘုန်းမြင့်ဝင်းက ကမ္ဘောဇ တိုင်းသို့ ပြောသည်။

.

ယင်းကဲ့သို့ အရောင်ပါ အိတ်များဖြင့် အမှိုက်ခွဲခြားစွန့်ပစ်ရေး အစီအစဉ်တွင် အမှိုက်အိတ်ကို အပြာရောင်နှင့် အစိမ်းရောင် အရောင် ၂ မျိုးဖြင့် ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ကာ အမှိုက်စိုကို အစိမ်းရောင်၊ အမှိုက်ခြောက်ကို အပြာရောင်အိတ်တွင် ထည့်ရန်သတ်မှတ်ထားပြီး အမှိုက်စိုဆိုသည်မှာ မီးဖိုချောင်နှင့် ခြံဝင်းအတွင်းမှထွက်ရှိသည့် သဘာဝထွက် စွန့်ပစ်ပစ္စည်းများကို သတ်မှတ်ထားပြီး အမှိုက်ခြောက်ကိုမူ လူတို့ပြုပြင်ပြောင်းလဲထုတ်လုပ် ထားသည့် သဘာဝမဟုတ်သည့် စွန့်ပစ်ပစ္စည်းများကို သတ်မှတ်ကြောင်း သိရသည်။

.

သဘာဝဘေးပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့် အမျိုးအစားဖြင့် ထုတ်လုပ်ထားသည့် အမှိုက်အိတ် ကြီး/လတ်/ သေး ၃ မျိုးကို အမှိုက်သိမ်းခ ပါဝင်ပြီး ၇၀၀/၄၀၀/၃၀၀ ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး အိတ်များပေါ်တွင် ကုမ္ပဏီ တံဆိပ် ရိုက်နှိပ်ရောင်းချမည်ဖြစ်သဖြင့် အခြားအိတ်၊ ပုံးများဖြင့် စွန့်ပစ်ထားသည့် အမှိုက်များကို သိမ်းဆည်းမည် မဟုတ်ကြောင်းနှင့် ယင်းအိတ်ကို အသုံးပြုသူများအနေဖြင့် လစဉ်အမှိုက်ခွန် ပေးဆောင်ရန် လိုအပ်မည်မဟုတ် ကြောင်း ၎င်းထံက သိရသည်။

.

ယခင်က သတ်မှတ်ထားသည့် တစ်ထပ်အိမ် ၁၀၀၀ ကျပ်၊ ၂ ထပ်အိမ် ၂၀၀၀ ကျပ်အစား ယခုအခါ အိတ်ဖိုးသာ ကုန်ကျသဖြင့် စွန့်ပစ်သမျှသာ ပေးဆောင်ရသည့် အားသာချက်၊ အမှိုက်ခွဲခြား စွန့်ပစ်သည့် ပထမဆုံး မြို့ဖြစ်လာနိုင်ပြီး Recycle ပြန်လည်ပြုလုပ်ရာတွင် အမှိုက်ခွဲခြားမှု လျှင်မြန်လွယ်ကူခြင်း၊ အမှိုက်စွန့်ပစ်မှု သန့်ရှင်းသပ်ရပ်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။

.

ညောင်ရွှေမြို့ပေါ် ရပ်ကွက် ၈ ရပ်ကွက်ရှိ အိမ်ပေါင်း ၃၀၀၀ ကျော်ရှိရာ အမှိုက်စွန့်ပစ်မှုများကို နေ့အလိုက် လမ်းကြောင်းများခွဲ၍ အင်းလေးနှင်းဆီကုမ္ပဏီမှ သိမ်းဆည်းပေးလျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About