ကမ္ဘောဇတိုင်း
.
မဲဆန္ဒရှင်ပြည်သူများ၏ မေတ္တာဖြင့် ယုံကြည်စွာ အပ်နှံမှုကြောင့်
မဲအများဆုံး ရရှိခဲ့ခြင်းဖြစ်သည်ဟု ရှမ် းပြည်နယ် လွှတ်တော် လားရှိုးမြို့နယ်မဲဆန္ဒနယ်အမှတ်
(၁) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ပြောဆိုခဲ့သည်။
.
.“မဲဆန္ဒရှင်ပြည်သူများရဲ့ မေတ္တာနဲ့ ယုံကြည်စွာ အပ်နှံတဲ့အတွက်
ဒီလို မဲအများဆုံး ရရှိခြင်း ဖြစ်ပါတယ်။ ပြည်နယ်ရဲ့ လိုအပ်တဲ့ ကိစ္စအဝဝကို ဆက်လက်ထမ်းဆောင်ဖို့
အပ်နှံပေးတာ ဖြစ်ပါတယ်။ အခက်အခဲ တွေ၊ ရောဂါအန္တရာယ်တွေကြားထဲက မဲပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း
ပြောကြားလိုပါတယ်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့ထဲမှာ ပြန်ပြီး တာဝန်ထမ်းဆောင်ဖို့ ဆိုတာကတော့
ပါတီရဲ့ တာဝန်ပေးအပ်ချက်အတိုင်း ဆက်လက် ထမ်းဆောင်သွားမယ်လို့ ပြောကြားလိုပါတယ်” ဟု
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
လားရှိုးမြို့နယ်အတွင်းရှိ မဲဆန္ဒနယ်များ၏ ရလဒ်ကို
လားရှိုးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ယနေ့ နိုဝင်ဘာလ ၁၀ ရက် ညနေပိုင်းက
ထုတ်ပြန်ကြေညာခဲ့ရာ ပြည်သူ့လွှတ်တော် လားရှိုးမြို့နယ်မဲဆန္ဒနယ်တွင် ဦးစိုင်းရင်ထွန်းက
လည်းကောင်း၊ ရှမ်းပြည်နယ်လွှတ်တော် လားရှိုးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တွင် ဒေါက်တာလင်းထွဋ်က
လည်းကောင်း၊ လားရှိုးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) နေရာတွင် ဒေါ်ရီရီမင်းကလည်းကောင်း
အသီးသီး မဲအများဆုံး ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သော
ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ်စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး
ဦးစိုင်းရှဲန်တစ်လုံတို့သည်လည်း သက်ဆိုင်ရာ မဲဆန္ဒနယ် အသီးသီးတွင် မဲအများဆုံး ရရှိထားသည်ဟု
သိရသည်။
.
No comments:
Post a Comment