စုလှိုင်၊ ခွန်သန်းအောင်
.
ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ညောင်ကုန်းကျေးရွာတွင်
နယ်စပ်ဒေသမှ တိုင်းရင်းသားလူငယ်များနှင့် စစ်ဘေးရှောင် များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ
ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေး နှင့် လေ့ကျင့်ရေးဦးစီးဌာနမှ
နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု သင်တန်းကျောင်းကို COVID-19
အလွန်ကာလ၌ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။
.
.“နယ်စပ်ဒေသ တိုင်းရင်းသားတွေအတွက် စက်မှုလက်မှု သင်တန်းပေါ့။
စစ်ဘေးရှောင်တွေကို ဦးတည်ပြီး စဉ်းစား ခဲ့တာပါ။ ဒီလို သင်တန်းကျောင်းတွေကို ရှမ်းတောင်၊
ရှမ်းမြောက်နဲ့ ရှမ်းရှေ့မှာ ဖွင့်သွားမှာပါ။ အခု ရှမ်းတောင်က စ ဖွင့်မှာပေါ့” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့
ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
အဆိုပါ သင်တန်းကျောင်းတွင် အလယ်တန်းအဆင့် ပညာသင်ကြားဖူးသူ
အသက် ၁၆ နှစ်မှ ၃၀ နှစ်အကြား ရှိသူ အမျိုးသားများကို လက်ခံသင်ကြားပေးသွားမည်ဖြစ်ပြီး
သင်တန်းကာလ ၂၂ ပတ် (၅ လခွဲခန့်) ကြာမြင့်မည် ဖြစ်ကာ တစ်နှစ်လျှင် သင်တန်း ၂ ကြိမ် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
.
“အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးဖို့ ရည်ရွယ်တာပေါ့။
နောက်ပြီး လူငယ်တွေ ဒီလိုသင်တန်းတွေ တက်ခြင်း အားဖြင့် မူးယစ်ဆေးဝါးအန္တရာယ်လည်း လျော့ကျလာမယ်။
ရည်ရွယ်ချက်ကတော့ အမျိုးမျိုး ပါပါတယ်။ COVID-19 လျော့ကျလာတာနဲ့
စဖွင့်မယ်။ ကျောင်းတွေဖွင့်ရင် တစ်ပြိုင်တည်း ဖွင့်မှာပါ” ဟု ဦးစိုးညွန့်လွင်က ဆက်လက်
ပြောဆိုခဲ့သည်။
.
သင်တန်းကျောင်းတွင် မော်တော်ယာဉ် စက်ပြင် အခြေခံသင်တန်း၊
လျှပ်စစ်ဝါယာရိန်း (အိမ်တွင်းဝါယာ၊ အဲယားကွန်း၊ ရေခဲသေတ္တာ)၊ ဂဟေဆော်သင်တန်း (ဓါတ်ငွေ့ဝရိန်၊
စတီးဝရိန်)၊ ဆောက်လုပ်ရေး အခြေခံသင်တန်း (လက်သမား၊ ပန်းရံ၊ သံချီသံကွေး၊ ပိုက်ပြင်၊
ပိုက်ဆက်) နှင့် မိုဘိုင်းဖုန်းပြင်သင်တန်းများကို သင်တန်းသား ၇၅ ဦးဖြင့် သင်ကြားပေးသွားမည်ဖြစ်ပြီး
နေထိုင်ရေး၊ စားသောက်ရေးနှင့် သင်တန်းကြေး အခမဲ့ဖြင့် သင်ကြားပေးသွားမည် ဖြစ်ကြောင်း
သိရသည်။
.
တိုင်းရင်းသားလူမျိုးများ စက်မှုလက်မှုပညာသင်တန်းကျောင်း
များကို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ ကွတ်ခိုင်နှင့် လောက်ကိုင်မြို့များတွင်လည်းကောင်း၊
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင်လည်းကောင်း ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
.
အောင်ပန်းမြို့တွင် ဆောက်လုပ်ထားသော နယ်စပ်ဒေသ
တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု သင်တန်းကျောင်း ကို သင်တန်းအထောက်အကူပြု
ပစ္စည်းများ အပါအဝင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ကျပ်သိန်းပေါင်း ၁ သောင်းခွဲ ကျော်ဖြင့်
အကုန်အကျခံ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.