စိုင်းသိင်္ခသူ
.
မိုင်းဆတ်မြို့နယ်၊ မိုင်းယွန်းကျေးရွာအုပ်စုတွင်
နိုဝင်ဘာလ ၆ ရက်က ဆန္ဒမဲလက်မှတ် ၅၀ ပါ မဲရုံမှူး လက်မှတ် ထိုးပြီး မဲလက်မှတ် ၁ အုပ်
ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
.
.အဆိုပါ ပျောက်ဆုံးခဲ့သည့် မဲလက်မှတ်များမှာ ပြည်သူ့လွှတ်တော်
ဆန္ဒမဲလက်မှတ်များဖြစ်ပြီး စာအုပ်အမှတ်စဉ် (၀၉၆၂) ဖြစ်ကာ ပျောက်ဆုံးမှုအတွက် ရွေးကောက်ပွဲကော်မရှင်
အဆင့်ဆင့်သို့ လမ်းညွှန်မှု ခံယူနေကြောင်း သိရသည်။
.
မိုင်းဆတ်မြို့နယ်၊ မိုင်းယွန်း (တာကူး) အုပ်စု၊
မဲရုံအမှတ် (၅)၊ ဟော်ဖင်ကျေးရွာ စာသင်ကျောင်းရှိ မဲရုံတွင် မဲရုံမှူး တာဝန်ကျ ဦးတင်ဇော်မိုး
(မြို့နယ်စာရင်းစစ်ရုံး) သည် နိုဝင်ဘာလ ၆ ရက်၊ နံနက်ပိုင်းက မိုင်းယွန်းတွင် လွှတ်တော်
၃ ရပ်အတွက် ဆန္ဒမဲလက်မှတ်များအား စစ်ဆေးရေတွက်ခြင်း၊ မဲရုံမှူးလက်မှတ် ရေးထိုးခြင်းများ
ဆောင်ရွက်ခဲ့ပြီး မွန်းလွဲ ၂ နာရီအချိန် ဆန္ဒမဲလက်မှတ်များအား ပြန်လည်သိမ်းဆည်းရာတွင်
ပြည်သူ့လွှတ်တော် မဲလက်မှတ် ၁ အုပ် ပျောက်ဆုံးသွားသဖြင့် မဲရုံးမှူး ဦးတင်ဇော်မိုးနှင့်
ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတို့မှ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့
တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဆန္ဒမဲလက်မှတ်များ ပျောက်ဆုံးမှုနှင့် ပတ်သက်၍
သက်ဆိုင်ရာ မဲရုံမှူးနှင့် မိုင်းဆတ်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံသို့
ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မရသဖြင့် မည်သို့ ပျောက်ဆုံးသည်ကို မသိရှိရသေးချေ။
.
မိုင်းဆတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ
ဦးစိုင်းတူး ကမူ မဲရုံများကို လိုက်လံစစ်ဆေးနေဆဲဖြစ်ကြောင်း သာ ပြန်လည်ဖြေကြားခဲ့သည်။
.
“ဖြစ်စဉ်ကို ကော်မရှင်မှာ စုံစမ်းပြီး ပျောက်သွားတဲ့
မဲလက်မှတ်တွေကို ပယ်ဖျက်ဖို့၊ မဲပေးတဲ့နေ့မှာ စိစစ်ဖို့၊ မသမာမှု မဖြစ်ပေါ်ဖို့ အရေးဆိုသွားမှာဖြစ်ပါတယ်”
ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မိုင်းဆတ်ခရိုင် ဥက္ကဋ္ဌ ဦးခင်မောင်ဦး က ပြောသည်။
.
ထို့အတူ မိုင်းဆတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွင်
ဝင်ရောက်ယှဉ်ပြိုင်မည့် လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟို ဥက္ကဋ္ဌ ဒေါ်အေးသီတာမြင့်ကလည်း
ယင်းဆန္ဒမဲလက်မှတ်များ ပျောက်ဆုံးမှုနှင့် ပတ်သက် ၍ ရွေးကောက်ပွဲ မသမာမှု မဖြစ်စေရန်
သတိထားစောင့်ကြည့်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
.
မိုင်းယွန်း(တာကူး)အုပ်စု၊ မဲရုံအမှတ်(၅)၊ ဟော်ဖင်ကျေးရွာသည်
“ဝ” နယ်မြေအတွင်းတည်ရှိပြီး ဆန္ဒမဲလက်မှတ်များ
ပျောက်ဆုံးသည့်အကြောင်းရင်းနှင့်ပတ်သက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ
အဆင့်ဆင့်တင်ပြဆောင်ရွက် လျက်ရှိကြောင်း အခြားသတင်းရင်းမြစ်များထံက သိရသည်။
.
No comments:
Post a Comment