မင်းဇော်မင်း
.
ကွမ်းလုံမြို့နယ်၊ သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်
လမ်းပေါ်ရှိ သံလွင်မြစ်ကူး ကွမ်းလုံတံတား ဖြတ်သန်းခများကို လာမည့် ဒီဇင်ဘာလ ၁ ရက်မှ
စတင်၍ အပြည့်အဝ ပြန်လည်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
.
![]() |
ဓါတ်ပုံ - အင်တာနက် |
COVID-19 ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုအပေါ်
ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် ကွမ်းလုံတံတား အသုံးပြုခများအား ပြီးခဲ့သည့် ဇွန်လ ၁ ရက်မှ
စတင်ကာ နိုဝင်ဘာလကုန်အထိ တစ်ဝက်နှုန်းဖြင့် ဖြေလျှော့ကောက်ခံခဲ့ရာမှ ခွင့်ပြုသက်တမ်းကာလ
ကုန်ဆုံးမည့် ဒီဇင်ဘာလ ၁ ရက်တွင် ရာနှုန်းပြည့် ပြန်လည် ကောက်ခံသွားမည်ဖြစ်ကြောင်း
သိရသည်။
.
“COVID-19 ကာလ ဖြေလျှော့မှုကို
ပြန်လည်ပြီး နှုန်းပြည့် ကောက်ခံမှာကို အများပြည်သူ သိရှိအောင် ထုတ်ပြန်ထား တာဖြစ်ပါတယ်”
ဟု ရှမ်းပြည်နယ်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
သံလွင်မြစ်ကူး ကွမ်းလုံကြိုးတံတားကို ၁၉၆၅ ခုနှစ်က
စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ယခင်က တံတားခံနိုင်ဝန် တန် ၄၀ ရှိသော်လည်း ခုအခါ ယာဉ်+ကုန်
၂၅ တန်သာ ဖြတ်သန်းခွင့် ပြုထားပြီး တံတားဖြတ်သန်းခမှာ ၁၀၀ ကျပ် ဖြစ်သည်ဟု ကွမ်းလုံ-ချင်းရွှေဟော်
ကုန်သည်အသင်း ဒုတိယဥက္ကဋ္ဌ (၂) ဦးတာထံက သိရသည်။
.
“တံတား ဟိုဘက်၊ ဒီဘက် ကုန်ကဲ့ကားကွင်းတွေနဲ့ ကုန်ပြောင်းရတာပေါ့။
တံတားကြမ်းခင်း အကြီးစားပြင်ဆင်မှုကို ဩဂုတ်လလောက်က လုပ်ခဲ့တယ်။ ဆိုင်းကြိုးတွေက သက်တမ်းကုန်နေပြီလို့
သိရတယ်။ ဖြတ်သန်းခတော့ တံတား ထိပ်မှာ ဆိုင်းဘုတ်ထောင်ထားပါတယ်။ ပုံမှန်က ၁၀၀ ကျပ်ပါ”
ဟု ဦးတာ က ပြောသည်။
.
အဆိုပါတံတားဖြတ်သန်းခကို Oriental
Highway ကုမ္ပဏီက ကောကျခံနေခြင်းဖြစ်ပြီး တံတားဖြတ်သန်းခ တစ်မျိုးတည်း
ဖြေလျှော့ပေးခြင်းဖြစ်ကာ အခြား လမ်းအသုံးပြုခနှင့် မြို့ဝင်ဘီးခွန်များမှာ
ပုံမှန်နှုန်း ထားအတိုင်းသာ ကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။
.
ကွမ်းလုံကြိုးတံတားသည် ချဉ်းကပ်လမ်းမပါ အရှည်
၇၈၉ ပေရှိပြီး သံလွင်မြစ်ကို ဖြတ်ကာ သွယ်တန်းထားသည့် မြစ်ကူးကြိုးတံတားအမျိုးအစားဖြစ်ကြောင်း
သိရသည်။
.