ရှမ်းတောင် ပုဂ္ဂလိကယာဉ်လိုင်းများကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား မဲပေးရွေးချယ်တင်မြှောက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, November 22, 2020

ရှမ်းတောင် ပုဂ္ဂလိကယာဉ်လိုင်းများကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား မဲပေးရွေးချယ်တင်မြှောက်

အောင်ဆန်းဝင်း

.

ရှမ်းပြည်နယ်တောင်ပိုင်း ပုဂ္ဂလိကယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီ ရွေးချယ်ပွဲကို ယနေ့ နိုဝင်ဘာလ ၂၂ ရက်၊ နေ့လယ်ပိုင်းက တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အများဆန္ဒမဲဖြင့် မဲပေးရွေးချယ် တင်မြှောက်ခဲ့သည်ဟု သိရသည်။

.

.

ထိုသို့ အများဆန္ဒဖြင့် မဲပေးရွေးချယ်ရာတွင် လက်ရှိ တောင်ကြီးမြို့နယ် ယကက ဥက္ကဋ္ဌ ဦးသန်းကျော်အား ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဦးမြသောင်းအား အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ ဦးအောင်အောင်၊ ဦးသန်းလွင်၊ ဦးသက်လွင် တို့အား အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ဦးအောင်ကျော်ကျော်အား အရန်ကော်မတီဝင်အဖြစ် ရွေးကောက်တင်မြှောက် ခဲ့ကြသည်ဟု သိရသည်။

.

“‌ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ သက်ဆိုင်ရာမြို့နယ်တွေက ယကက ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေက လာပြီး မဲပေးတာပါ။ ပထမဆုံး မြို့နယ်တွေကို အရွေးချယ်ခံလိုတဲ့သူ စာရင်း တောင်းလိုက်တဲ့အခါမှာ ၆ ဦး တက်လာပါတယ်။ အဲဒီ ၆ ဦးထဲက ၅ ဦးကို ရွေးချယ်တာပါ” ဟု ရှမ်းပြည်နယ်တောင်ပိုင်း ပုဂ္ဂလိကယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဦးသန်းကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ကော်မတီ ရွေးချယ်ရေး အဖွဲ့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးနေဝင်းက အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေလင်း၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို၊ ရှမ်းပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ဦးထင်ကျော်တို့က အဖွဲ့ဝင်များအဖြစ်လည်းကောင်း ကြီးကြပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

.

“အခု ကော်မတီဖွဲ့တာကို အထက်ကနေ အတည်ပြုချက်၊ ခန့်အပ်လွှာ လာပြီးတာနဲ့ ပုဂ္ဂလိယာဉ်လိုင်းများ စနစ်တကျ ပြေးဆွဲရေး၊ ဥပဒေ၊ နည်းဥပဒေတွေအတိုင်း ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းက ယာဉ်လိုင်းတွေကို ကြီးကြပ်ထိန်းသိမ်း တာတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဦးသန်းကျော်က ဆက်လက်ပြောဆိုခဲ့သည်။

.

ရှမ်းပြည်နယ်ပုဂ္ဂလိကယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးဥပဒေကို ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် သက်တမ်း ကာလ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်က ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေတွင် ပုဂ္ဂလိကယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းရေးနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်များကို သတ်မှတ်ပြဌာန်းထားသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About