စုလှိုင်
.
တောင်ကြီးမြို့၊ မြို့မဈေးတောင်ဘက်၊ တပင်ရွှေထီးလမ်း၊
ညဈေးတန်းအနီးရှိ နာရီစင်အား ပြန်လည်ပြုပြင်နိုင်ရေး သို့မဟုတ် ရွှေ့ပြောင်းတည်ဆောက်နိုင်ရေးအတွက်
စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံက သိရသည်။
.
.
“ပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ ပြင်မလား၊ ရွှေ့မလားဆိုတာ
စဉ်းစားရမှာပေါ့။ ဒီရက်ပိုင်းခေါ်မှာပါ။ ပြည်သူတွေ ကလည်း တောင်းဆိုနေတော့ လုပ်ပေးရမှာ
အများကြီးပါ။ ရွေးကောက်ပွဲပြီးရင်တော့ အကောင်းဆုံးဖြစ်အောင် လုပ် ပေးမှာပါ” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့
ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
အဆိုပါ နာရီစင်မှာ မြို့မဈေး ၃ ထပ်တိုက်အဆောက်အဦ
ဆောက်လုပ်စဉ် ၁၉၉၀ နှစ်များက ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကာ လက်ရှိတွင် ယိုယွင်းပျက်စီးနေသည့်အပြင်
နာရီစင်အနီး၌ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းနှင့် အညစ်အကြေး စွန့်ပစ်မှုများကြောင့်
မြို့တော်အင်္ဂါရပ်ကို ထိခိုက်စေကြောင်း ဒေသခံများက ဝေဖန်ပြောဆိုနေလျက်ရှိသည်။
.
“နာရီစင်က တောင်ကြီးမြို့နဲ့ မသင့်တော်ဘူး။ မြို့အင်္ဂါရပ်နဲ့လည်း
မျက်စိပသာဒ မဖြစ်ဘူး။ နာရီစင်က အထိမ်း အမှတ်သင်္ကေတနေရာလောက်ပဲ ဖြစ်နေတာ။ အေးသာယာမှာရှိတဲ့
နာရီစင်ဆိုရင်လည်း မြက်တွေပေါက်နေပြီ။ နာရီက သိပ်မမြင်ရတော့ဘူး။ တကယ်တမ်းပြောရရင် ပြည်သူအတွက်
အကျိုးမရှိဘူး” ဟု တောင်ကြီးမြို့နေ ဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
“အသစ်ပြင်မယ်လို့တော့ မဟုတ်ဘူး။ မြို့နယ်စည်ပင်သာယာရေးကော်မတီနဲ့
စည်ပင်သာယာရေးဌာန ကွင်းဆင်း ကြည့်တော့ အဲဒီနေရာမှာ နာရီစင်ရှိနေလို့ ညပိုင်းမှာ အပေါ့၊
အလေးစွန့်ပစ်တာတွေ၊ အမှိုက်ပစ်တာတွေ ရှိလာတယ်။ နာရီစင်ကလည်း တော်တော် ဟောင်းနွမ်းနေပြီ။
အသုံးပြုလို့လည်း မရတော့ ဖျက်သိမ်းရမယ့်သဘောရှိတယ်” ဟု တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီဝင်
ဦးဇော်ဝင်းထူးကလည်း ပြောဆိုခဲ့သည်။
.
ယင်းနာရီစင်နေရာအား ကားရပ်နားရန်နေရာ ပြုလုပ်ခြင်း၊
ပြည်သူလူထု လမ်းသွားလမ်းလာများ အဆင်ပြေစေရန် အတွက် ပလက်ဖောင်း ပြုလုပ်ခြင်း၊ လမ်းတစ်လျှောက်
ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန် စီစဉ်ထားပြီး တစ်ပတ်အတွင်း အစည်းအဝေးခေါ်ယူ၍
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment