ကိုအောင်မိုး (ရွှေဖီမြေ)
.
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
နမ့်ဆန်မြို့နယ်၊ မန်ခိုက်ရပ်ကွက် နမ့်ဆန်မြို့အဝင် တပေါင်းပွဲခင်း လေယာဉ်ကွင်း အနီးတွင်
ယနေ့ နိုဝင်ဘာလ ၄ ရက်၊ နံနက်ပိုင်းက အမျိုးသားတစ်ဦး သစ်ဖြတ်လွှဖြင့် မိမိကိုယ်ကို
သတ်သေမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.နမ့်ဆန်မြို့၊ မန်ခိုက်ရပ်ကွက် (ကွက်သစ်) နေ ဦးကျော်မြင့်ဦး
(၄၆ နှစ်) သည် နိုဝင်ဘာလ ၄ ရက်၊ နံနက် ၃ နာရီခန့်က နေအိမ်မှ ထွက်ခွာသွားသဖြင့် မိသားစုမှ
လိုက်လံရှာဖွေရာ နံနက် ၆ နာရီခန့်တွင် တပေါင်းပွဲခင်း လေယာဉ်ကွင်းအနီး ဘုရားကုန်းသွားရာ
လမ်း၌ သစ်ဖြတ်လွှဖြင့် လည်ပင်းပြတ်ရှသေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သေဆုံးသူမှာ အဆိုပါသစ်ဖြတ်လွှဖြင့် တစ်ပိုင်တစ်နိုင်
သစ်ဖြတ်သည့်အလုပ် လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး အရက်သေစာ သောက်စားတတ်ခြင်းမရှိကြောင်း သိရသည်။
.
“သူက သစ်ဖြတ်အလုပ်ကို နားထားတာ ၁၀ ရက်ကျော်ရှိပြီ။
အခုတစ်လော စိတ်သိပ်မပျော်ဘူးလို့ ပြောတယ်။ ကျွန်မတို့မိသားစုနဲ့ စကားများထားတာလည်း
မရှိဘူး။ ဒီမနက်ကျတော့ ၃ နာရီကျော် ၄ နာရီလောက် ထွက်သွားတယ် ထင်တယ်။ ကျွန်မနိုးတော့
သူမရှိတော့ဘူး။ အဲဒါနဲ့ ယောက္ခမတွေကို ဖုန်းဆက်အကြောင်းကြားပြီး လိုက်ရှာကြတာပါ” ဟု
သေဆုံးသူ၏ ဇနီးက ပြောသည်။
.
အဆိုပါ ဦးကျော်မြင့်ဦး သေဆုံးမှုနှင့် ပတ်သက်၍ သေမှုသေခင်းဖွင့်လှစ်
စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.