စိုင်းသိင်္ခသူ
.
ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်းလူသတ်မှုဖြင့်
အကျဉ်းချခံထားရသည့် မြန်မာနိုင်ငံသား ဝင်းဇော်ထွန်းနှင့် ဇော်လင်း တို့ ၂ ဦးအတွက် တတ်နိုင်သမျှ
ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်က ပြောဆိုခဲ့သည်ဟု သိရသည်။
.
.
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်သည် နိုဝင်ဘာလ ၄ ရက်၊ မွန်းလွဲပိုင်းက ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
General Chalermphon Srisawasdi နှင့် Video
Teleconference မှ တစ်ဆင့် တွေ့ဆုံဆွေးနွေးစဉ် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က နိုဝင်ဘာလ ၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
.
ထိုသို့ တွေ့ဆုံရာတွင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုင်းနိုင်ငံ၊ Bang Kwang အကျဉ်းထောင်တွင်
အကျဉ်း ကျခံလျက်ရှိသော မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ဝင်းဇော်ထွန်း(ခေါ်)
ဝေဖြိုးနှင့် ဇော်လင်းတို့နှစ်ဦး၏ နေထိုင်စားသောက်မှု၊ ကျန်းမာရေးနှင့်
အခြားလိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးနိုင်ရေး မေတ္တာရပ်ခံခဲ့သည် ဟုသိရသည်။
.
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မေတ္တာရပ်ခံချက်အရ
ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ စီစဉ်မှုဖြင့် နိုဝင်ဘာလ ၅ ရက်တွင်
ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့နှစ်ဦးအား ရိုက်ကူးထားသည့်ဗွီဒီယိုဖိုင်နှစ်ခုကို
မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးမှတစ်ဆင့် ပေးပို့လာခဲ့ရာ အဆိုပါ ဗွီဒီယိုဖိုင်မှတ်တမ်းများအရ
၎င်းတို့နှစ်ဦးသည် မိဘများထံ စာရေးသား၍ဆက်သွယ်ခဲ့သော်လည်း
ပြန်စာရောက်ရှိလာခြင်းမရှိဘဲ အဆက်အသွယ်မရသည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း၊
လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှု မြင့်မားနေသည်ဟုသိရှိရ သဖြင့်
မိဘများ၏ ကျန်းမာရေးကိုလည်းစိုးရိမ်မိပါကြောင်း၊
အကျဉ်းကျခံနေရစဉ်အတွင်း လေ့လာရန် မြန်မာစာအုပ် များနှင့်
အင်္ဂလိပ်စာစာအုပ်များကို ပို့ပေးစေလိုပါကြောင်း၊ အကျဉ်းထောင်အတွင်းနေထိုင်ရသည်မှာ
အတိုင်းအတာ တစ်ခုအထိ အဆင်ပြေမှုရှိသော်လည်း မြန်မာနိုင်ငံရှိအကျဉ်းထောင်သို့
ပြောင်းရွှေ့ခွင့်ရပါက မိဘဆွေမျိုးများနှင့် တွေ့ဆုံနိုင်မည်ဖြစ်ပါကြောင်းနှင့်
ယခုကဲ့သို့ မိမိတို့၏ လိုအပ်ချက်များကို လာရောက်မေးမြန်းပေးသည့်အတွက်
တာဝန်ရှိသူများကို ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
.
တပ်မတော်အနေဖြင့် ထိုင်းနိုင်ငံမှတာဝန်ရှိသူများ၊
ထိုင်းဘုရင့်တပ်မတော်မှ တာဝန်ရှိသူများနှင့် ဆက်သွယ်ညှိနှိုင်း၍ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးမှတစ်ဆင့်
၎င်းတို့နှစ်ဦး၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် အခြား လိုအပ်ချက်များကို
တတ်နိုင်သရွေ့ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
.