အောင်ဆန်းဝင်း
.
မြို့တော်တောင်ကြီးတွင် ချယ်ရီပန်းပင်များ လျော့နည်းလာနေသည့်အတွက်
ကျန်ရှိနေသည့် ချယ်ရီပင်များအား စနစ် တကျ ထိန်းသိမ်းရန်နှင့် စည်းကမ်းမဲ့ ခုတ်ထွင်ခြင်းမပြုရေး
တားမြစ်ရန် လိုအပ်နေသည်ဟု ဒေသခံများထံက သိရသည်။
.
လွန်ခဲ့သည့် ဆယ်စုနှစ်များနှင့် နှိုင်းစာလျှင် မြို့တော်တောင်ကြီးတွင်
ချယ်ရီပန်းပင်များ အမြောက်အများ ကွယ်ပျောက် သွားသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်
အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်း၍ ထိန်းသိမ်းရန် လိုအပ် နေခြင်းဖြစ်ကြောင်း သိရသည်။
.
“လမ်းတွေချဲ့တဲ့အချိန် အပင်ခုတ်တာနဲ့ မြို့ထဲမှာ
ချယ်ရီပင်တွေ တော်တော်နည်းသွားတာ တွေ့ရတယ်။ အရင်တုန်းက လောက် ချယ်ရီပင်တွေ မတွေ့ရတော့ဘူး။
ချယ်ရီပန်းက ရှမ်းပြည်နယ်နဲ့ တောင်ကြီးမြို့ရဲ့ အထိမ်းအမှတ်လို ဖြစ်နေ တော့ အပင်တွေမခုတ်အောင်၊
ပန်းမချိုးအောင် အားလုံး ဝိုင်းဝန်းထိန်းသိမ်းသင့်ပါတယ်” ဟု တောင်ကြီးမြို့နေ ကိုထွန်းနိုင်ထွေးက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ချယ်ရီပန်းသည် နှစ်စဉ် ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင်
ဖူးပွင့်တတ်ပြီး ယခင်က ချယ်ရီပန်းပွင့်ချိန်၌ ချယ်ရီပင် အမြောက်အများ တွေ့ရတတ်သည့်
တောင်ကြီးမြို့ အရှေ့ဘက်တောင်တန်းတစ်လျှောက်တွင် ချယ်ရီပန်းပင်များ ပျောက်ကွယ်သလောက်
ဖြစ်နေကြောင်း ဒေသခံများက ပြောဆိုလျက်ရှိသည်။
.
လက်ရှိတွင် တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာဘုရား
အနီးရှိ ရွှေရည်အေးလမ်းအတွင်း၌သာ ချယ်ရီပန်းပင်များ တစ်စုတစ်ဝေးတည်း တွေ့ရပြီး ယင်းလမ်းအတွင်းရှိ
ချယ်ရီပန်းပင်များအား ထိန်းသိမ်းရန်နှင့် ပန်းပွင့်ချိန်တွင် အကိုင်း အခက်များ ချိုးခြင်း၊
အပင်ခုတ်ခြင်းမပြုရန် အသိပညာပေးတားမြစ်ရန် လိုအပ်နေကြောင်း သိရသည်။
.
ချယ်ရီပန်းသည် ရှမ်းပြည်နယ်၏ အထိမ်းအမှတ် သင်္ကေတတစ်ခုလည်း
သတ်မှတ်နိုင်သည့်အတွက် ချယ်ရီပန်းပင်များ ထိန်းသိမ်းရေး ပြည်သူများအားလုံး ပူးပေါင်းပါဝင်သင့်ကြောင်း
ဒေသခံများက ပြောဆိုလျက်ရှိသည်။
.
တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ရှမ်းပြည်နယ်
ဗုဒ္ဓတက္ကသိုလ်အနီးရှိ ချယ်ရီပင် ၄ ပင်ကို အကြီးဆုံး ချယ်ရီပင် အဖြစ် ရှမ်းပြည်နယ်သစ်တောဦးစီးဌာနမှ
မှတ်တမ်းတင်ထားကြောင်း သိရသည်။
.
ချယ်ရီပင်သည် နှင်းဆီမျိုးရင်းဝင် အပင်ဖြစ်၍
မျိုးရင်းမှာ ဂရုနပ် ဖြစ်ကာ ကမ္ဘာ့မြောက်ခြမ်း ဒေသ ဖြစ်သော ဂျပန်၊ ထိုင်ဝမ်၊ ကိုရီးယား၊
တရုတ်၊ နီပေါလ်၊ အိန္ဒိယ၊ ပါကစ္စ တန်၊ အာဖဂန်နစ္စတန်၊အီရန်၊မြန်မာ၊ ထိုင်းနှင့်
ဆိုက်ဘေးရီးယား နိုင်ငံ တို့ တွင် ပေါက်ရောက်ပြီး ဂျပန်နိုင်ငံ၏ အမျိုးသားပန်း
တစ်မျိုးလည်း ဖြစ်ကြောင်း သိရသည်။
.