နန်းဝင်းရီ
.
COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေချိန်ဖြစ်သဖြင့်
လူစုလူဝေးဖြင့် ပြုလုပ်သည့် အခမ်းအနား ပွဲလမ်းသဘင်များကို တတ်နိုင်သမျှ မပြုလုပ်သင့်ကြောင်း
ဟိုပုံးမြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများတွင်
စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်လုပ်ကိုင်ဆောင်ရွက်နေသူ ဦးအောင်ဇော်ထွေး က ပြောဆိုခဲ့သည်။
.
.“ပွဲကတော့ လုပ်နေကြတာပဲ။ မဖြစ်လာရင်တော့ ကောင်းတာပေါ့။
ပြည်သူတွေထက် ပွဲစီစဉ်တဲ့သူတွေက ပိုပြီး မလုပ်စေချင်ဘူး။ အထူးသဖြင့် ဆရာတော်တွေပေါ့။
ဒကာတွေက ပွဲလုပ်ချင်တဲ့ဆန္ဒ ရှိရင်တောင်မှ မလုပ်ပါနဲ့လို့ ပြောရင် ပိုပြီးအဆင်ပြေမယ်။
လုံးဝ မဖြစ်မနေ လုပ်ရမယ်ဆိုရင်လည်း ကျန်းမာရေးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းအတိုင်း
လုပ်သင့်ပါတယ်” ဟု စေတနာ့ဝန်ထမ်း ဦးအောင်ဇော်ထွေးက ပြောဆိုခဲ့သည်။
.
ယခုအခါ မြန်မာလူမျိုးတို့၏ ကထိန်ခင်းသည့် လရာသီသို့
ရောက်ရှိနေသည်ဖြစ်ရာ ဟိုပုံးမြို့နယ်အပါအဝင် ရှမ်းပြည်နယ် အတွင်းရှိ ကျေးရွာ ဒေသအချို့တွင်
လူစုလူဝေးဖြင့် ကထိန်ခင်းခြင်း၊ ညပိုင်းတွင် မီးပဒေသာ လှည့်လည် ပူဇော်ခြင်း၊ မီးပုံးပျံ
လွှတ်တင်ပူဇော်ခြင်းများကို ပြုလုပ်နေကြခြင်းဖြစ်ကြောင်း သိရသည်။
.
“ပွဲတွေက လုပ်နေတာဆိုတော့ ဖြစ်နိုင်ရင် ကိုယ့်ကိုယ်ကို
ကာကွယ်တဲ့အနေနဲ့ မသွားသင့်ဘူး။ သွားနေတဲ့သူတွေ ကလည်း အသိပညာအားနည်းတယ်ပြောမလား၊ မကြောက်ဘူးလို့
ယူဆရမလားပဲ။ ကျွန်တော်တို့အနေနဲ့ကတော့ လက်လှမ်းမီသလောက် အမြဲတမ်း မသွားသင့်ဘူးဆိုတာ
အကြံပေးပါတယ်” ဟု ဦးအောင်ဇော်ထွေးက ဆက်လက် ပြောဆိုခဲ့သည်။
.
ဟိုပုံးမြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော
သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယ မီးထွန်းပွဲတော်နှင့်
တန်ဆောင်တိုင်ပွဲတော်ကိုလည်း ယခုနှစ်တွင် COVID-19 ရောဂါ
ကူးစက်ပြန့်ပွားမှု အခြေအနေ များအရ ကျင်းပ ပြုလုပ်မည်မဟုတ်ဘဲ မြို့လုံးကျွတ် ဘုံကထိန်ကိုလည်း
အခမ်းအနား ပြုလုပ်နိုင်မည်မဟုတ်ကြောင်း သိရသည်။
.
ဟိုပုံးမြို့တွင် ယနေ့ နိုဝင်ဘာလ ၂၅ ရက်က COVID-19
ပိုးတွေ့လူနာတစ်ဦး တွေ့ရှိထားပြီး အဆိုပါ လူနာမှာ မန္တလေး တိုင်းဒေသကြီးမှ
ပြန်လာသူဖြစ်ကာ ဟိုပုံးမြို့၊ ရန်ကင်းကျောင်းတိုက်ရှိ Facility Quarantine
Center ၌ အသွားအလာ ကန့်သတ်ထားသူဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment