အင်းလေးကန် ရေဝေရေလဲထိန်းသိမ်းရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကော်မတီ ဖွဲ့စည်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, November 20, 2020

အင်းလေးကန် ရေဝေရေလဲထိန်းသိမ်းရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကော်မတီ ဖွဲ့စည်း

စုလှိုင်

.

ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်ရေဝေရေလဲ ထိန်းသိမ်းရေး လုပ်ငန်းများ ပိုမို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အင်းလေးကန် ရေဝေရေလဲ ထိန်းသိမ်းရေး စီမံကိန်း လမ်းညွန်ကြီးကြပ်မှု ကော်မတီကို ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်က ဖွဲ့စည်းထားကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ နိုဝင်ဘာလ ၁၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။

.

ဗဟိုက ဖွဲ့တာပါ။ ပြည်ထောင်စု ဝန်ကြီးရုံးက တစ်ခါတည်း ဖွဲ့ပေးတာပါ။ ပြည်ထောင်စုဝန်ကြီး ဦးဆောင်တာပေါ့။ဟု ရှမ်းပြည်နယ်သစ်တောဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.


အဆိုပါ ကော်မတီကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဌ အဖြစ် လည်းကောင်း၊ ရှမ်းပြည်နယ်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးမှ ဒုဥက္ကဌ(၁) အဖြစ် လည်းကောင်း၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီးမှ ဒုဥက္ကဌ(၂) အဖြစ် လည်းကောင်း ပါဝင် ဆောင်ရွက်မည် ဖြစ်ကာ စုစုပေါင်း အဖွဲ့ဝင် ၁၄ ဦး ပါဝင်ကြောင်း သိရသည်။

.

အဓိက ရည်ရွယ်ချက်က အင်းလေးကန် ရေရှည် တည်တံ့အောင် နှစ် ၃၀ ရည်မှန်းပြီး ပထမ ၁၀ နှစ် ရည်မှန်းချက် စီမံကိန်းကို ဆွဲပြီး နေပြည်တော်ကို တင်တော့ နိုင်ငံတော်က အတည်ပြုလိုက်တာပေါ့။ သမ္မတရုံးက အတည်ပြုတော့ တစ်နှစ်ချင်း Plan စီမံကိန်း အလိုက် ဆောင်ရွက်တာပေါ့။ ဆောင်ရွက်တဲ့နေရာမှာ လုပ်ငန်းတွေ ထိရောက်ဖို့၊ အဓိက က ရေရှည် တည်တံ့ခိုင်မြဲဖို့ ရည်ရွယ်တာပါ။ဟု သစ်တောဦးစီးဌာန (ရေဝေရေလဲ ဒေသ အုပ်ချုပ်ရေး​ဌာန) ညွန်ကြားရေးမှူး ဦးစိုးမြင့်ဦးက ပြောသည်။

.

အင်းလေးကန် ရေဝေရေလဲ ထိန်းသိမ်းရေး စီမံကိန်း လမ်းညွန်ကြီးကြပ်မှု ကော်မတီ အနေဖြင့် အင်းလေးကန် ထိန်းသိမ်းရေး စီမံကိန်း စီမံချက် ရေးဆွဲမှုအား ကြီးကြပ်ကွပ်ကဲခြင်း၊ အကောင်အထည်ဖော်မှု လုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီ ပြီးစီးရေး လမ်းညွန်ကြီးကြပ်ခြင်း၊ အင်းလေးကန် မတိမ်ကောစေရေးနှင့် ရေရှည်တည်တံ့ရေးအတွက် ဘက်စုံကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ပေးခြင်း၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ ရန်ပုံငွေနဲ့ နည်းပညာ အကူအညီများ ရရှိနိုင်စေရေး ကူညီ ဆောင်ရွက်ပေးခြင်းများကို ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။

.

ထို့အတူ ရေဝေရေလဲ ဂေဟစနစ်များ ရေရှည် တည်တံ့စေရေးအတွက် ရေသယံဇာတ အရင်းအမြစ်များ ဘက်စုံ စီမံ အုပ်ချုပ်ခြင်း အကောင်ထည်ဖော်နိုင်ရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ အင်းလေးကန် ဒေသ အုပ်ချုပ်ရေးအဖွဲ့နှင့် လိုအပ်သလို ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခြင်း၊ ပြည်သူလူထု အခြေပြု ရေဝေရေလဲ ဘက်စုံ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်း လုပ်ငန်း တာဝန်များကိုလည်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

.

အင်းလေးကန်သည် မြန်မာနိုင်ငံနှင့် ရှမ်းပြည်နယ်၏ အထင်ကရ နေရာ ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒုတိယမြောက် အကြီးဆုံးကန် ဖြစ်ကာ တောင်နှင့်မြောက် တန်းလျက်ရှိသော တောင်တန်း ၂ ခုကြားတွင် ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်း၏ အလယ် အနက်ရှိုင်းဆုံး အပိုင်း၌ တည်ရှိသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About