ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် ပြည်သူလူထု
စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသည် ယနေ့ နိုဝင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းက
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များအတွက်
ရှမ်းပြည်နယ်မှ ရန်ကုန်မြို့သို့ သွားရောက် ကူညီအားဖြည့်ကြမည့် ကျန်းမာရေးဝန်ထမ်းများ
အတွက် စတုတ္ထအကြိမ်ထောက်ပံ့ငွေနှင့် ကလောမြို့နယ်၊ နန့်ပန်တက် COVID-19 စစ်ဆေးရေးဂိတ် စေတနာ့ ဝန်ထမ်း များအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့သည်ဟု
သိရသည်။
.
.ထိုသို့ ပေးအပ်လှူဒါန်းရာတွင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့်
ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အသီးသီးရှိ ပြည်သူ့ ဆေးရုံများမှ ရန်ကုန်မြို့သို့
သွားရောက်အားဖြည့်ကူညီမည့် ဆရာဝန်၊ သူနာပြု ကျန်းမာရေးဝန်ထမ်း ၄၆ ဦးနှင့် နန့်ပန်တက်
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်တွင် တာဝန်မ်းဆောင်ကြမည့်
စေတနာ့ ဝန်ထမ်းများအတွက် အလှူငွေ စုစုပေါင်း ၁၂၂ သိန်းကျပ်အား ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
လှူဒါန်းပွဲသို့ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦးသန်းထိုက်၊
ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ သူဇာချစ်တင်၊ ကလောမြို့နယ်
ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်စန်းယု၊ ရှမ်းပြည်နယ် ပြည်သူလူထု
စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးခင်အောင်နှင့် ကော်မတီအဖွဲ့ဝင်များ
တက်ရောက် ခဲ့ကြောင်း သိရသည်။
.
လှူဒါန်းပွဲတွင် ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာကော်မတီ
ဒုတိယဥက္ကဋ္ဌက အလှူငွေ ပေးအပ်လှူဒါန်းရခြင်း နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး
ဆရာဝန်သူနာပြု ၄၆ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၂ သိန်းနှုန်းဖြင့် ငွေကျပ် ၉၂ သိန်းကို
ပြည်နယ်ကျန်းမာရေးမှူးဒေါ်သူဇာချစ်တင်ထံသို့လည်းကောင်း၊ ကလောမြို့နယ်၊ နန့်ပန်တက်
စစ်ဆေးရေးဂိတ် စေတနာ့ဝန်ထမ်းများအတွက် ငွေကျပ် ၃၀ သိန်းကို
ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်နှင့် ကလောမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးဦးကျော်စန်းယုထံသို့လည်းကောင်း
အသီးသီး ထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး
ကော်မတီသည် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်
ရန်ကုန်မြို့သို့ သွားရောက်အားဖြည့်ကြသည့်
ရှမ်းပြည်နယ်အတွင်းမှ ကျန်းမာရေးဝန်ထမ်း ၇၃ ဦးအတွက် အလှူငွေကျပ်သိန်း ၁၅၀၊ စဝ်စံထွန်းဆေးရုံကြီး
COVID-19 ရောဂါ ဓာတ်ခွဲရှာဖွေရေးဌာနမှ ကျန်းမာရေးဝန်ထမ်း ၁၅ ဦးအတွက်
ငွေကျပ် သိန်း၅၀၊ စုစုပေါင်းအလှူငွေကျပ်သိန်း ၂၀၀ ကို ပထမအကြိမ် အဖြစ်
လည်းကောင်း၊ထပ်မံစေလွှတ်သည့် သူနာပြု ၂၀ ဦးအတွက် အလှူငွေကျပ် သိန်း ၄၀ ကို
ဒုတိယအကြိမ်အဖြစ် လည်းကောင်း၊ ဆက်လက်စေလွှတ်ခဲ့သည့် သူနာပြု ၄၀ ဦးအတွက် ငွေကျပ်သိန်း
၈၀ ကို တတိယအကြိမ်အဖြစ်လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပြီး ယခု စတုတ္ထအကြိမ်အဖြစ် ဆရာဝန်၊သူနာပြု
၄၆ ဦး အတွက်ငွေကျပ် ၉၂ သိန်းအပါအဝင် ကလောမြို့နယ် နန့်ပန်တက် COVID-19 စစ်ဆေးရေးဂိတ်
စေတနာ့ဝန်ထမ်းများ အတွက် ဒုတိယအကြိမ် ငွေကျပ်သိန်း ၃၀၊ စုစုပေါင်းငွေကျပ် ၁၂၂ သိန်းကို
ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသည်
ကမ္ဘောဇဘဏ်၏ လှူဒါန်းငွေကျပ် သိန်းပေါင်း ၁၇၂၀၀ အပါအဝင် အများပြည်သူ
လှူဒါန်းငွေများဖြင့် ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားပေါင်းစုံနေထိုင်ရာ ဒေသ များသာမက
အခြား ပြည်နယ်နှင့်တိုင်းအသီးသီးရှိ လိုအပ်သည့်နေရာများသို့စားနပ်ရိက္ခာများကို
ဆက်လက်ထောက်ပံ့ လှူဒါန်းလျက်ရှိပြီး COVID-19 ရောဂါ
ကာကွယ်၊ထိန်းချုပ်၊ကုသရေးအတွက် လတ်တလော ပိုးတွေ့လူနာအများဆုံး ရှိသည့်
မြို့နယ်ပြည်သူ့ဆေးရုံကြီးများသို့ ပိုးတွေ့လူနာများနှင့် ၎င်းတို့ကို
ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြသည့် ကျန်းမာရေးဝန်ထမ်းများအတွက်
ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများကို နေရာအရောက် စဉ်ဆက်မပြတ်
ထောက်ပံ့လှူဒါန်းခဲ့သည့်အပြင် ဆက်လက်၍လည်း လိုအပ်သည်များကို
ကူညီထောက်ပံ့လှူဒါန်းသွားရန်စီစဉ်ထားကြောင်း သိရသည်။
.