စုလှိုင်
.
တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာ COVID-19
ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် နိုဝင်ဘာလ ၁၁ ရက် ညပိုင်းက ကျန်းမာရေးစစ်ဆေးမှု
မခံယူဘဲ မောင်းနှင်ထွက်ပြေးသည်ဟုဆိုကာ ယာဉ်မောင်းအမျိုးသားတစ်ဦးအား အရေးယူထားကြောင်း
သိရသည်။
.
![]() |
Photo - Eagle White |
တောင်လေးလုံးကျေးရွာ COVID-19 စစ်ဆေးရေးဂိတ်တာဝန်ခံနှင့် အဖွဲ့သည် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက် နေစဉ်
နိုဝင်ဘာလ ၁၁ ရက်၊ ည ၉ နာရီအချိန်က ဟဲဟိုးဘက်မှ တောင်ကြီးဘက်သို့ မောင်းနှင်လာသည့်
MAZADA BIANTE အမျိုးအစား မော်တော်ယာဉ်အား တာဝန်ကျ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်မှ
ကျန်းမာရေးစစ်ဆေးမှု ခံယူနိုင်ရေး အတွက် ရပ်တန့်ရန် တားဆီးရာ ယာဉ်အား ရပ်တန့်ပေးခြင်းမရှိဘဲ
မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း အမှတ်(၁၈) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ
သိရသည်။
.
အဆိုပါ မောင်းနှင်ထွက်ပြေးသွားသည့် မော်တော်ယာဉ်အား
တာဝန်ကျ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးမှ လိုက်လံ တားဆီးရာ စစ်ဆေးရေးဂိတ်နှင့် ကိုက်
၅၀၀ ကျော်ခန့်တွင် ယာဉ်ရပ်တန့်ပေးသဖြင့် စစ်ဆေးရေးဂိတ်သို့ ခေါ်ဆောင် စစ်ဆေးခဲ့ရာ ယာဉ်မောင်းသူမှာ
ဟဲဟိုးမြို့၊ အင်းခေါင်းကျေးရွာနေ လှိုင်ဦးဇော် ဆိုသူဖြစ်ကြောင်း သိရပြီး ကျန်းမာရေး
အထောက်အထားများ ပြသနိုင်ခြင်းမရှိဘဲ ယာဉ်မောင်းနှင်ထွက်ပြေးခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ကျန်းမာရေးစစ်ဆေးမှု မခံယူဘဲ ယာဉ်မောင်းနှင်ထွက်ပြေးသူ
ယာဉ်မောင်း လှိုင်ဦးဇော်အား တောင်ကြီး မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် မှ တရားလိုပြုလုပ်၍ ရွှေညောင်မြို့မရဲစခန်းတွင်
(ပ)၉၃/၂၀၂၀၊ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးဆိုင်ရာ ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း
သိရသည်။
.