နန်းဝင်းရီ
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဟိုပုံးမြို့နယ်ရှိ ပြောင်းစိုက်တောင်သူများမှာ ပြောင်းထွက်ချိန် ရောက်သော်လည်း ပြောင်းဈေးနှုန်း ကျဆင်းနေခြင်းကြောင့် ဈေးကောင်းရရန်
မျှော်လင့်လျက်ရှိကြောင်း သိရသည်။
.
.
ပြီးခဲ့သည့် ပြောင်းစိုက်ပျိုးချိန် ဇွန်လက ပြောင်းစျေးနှုန်းမှာ
တစ်ပိဿာလျှင် ၅၀၀ ကျော်ခန့်ရှိခဲ့သော်လည်း ယခုအခါ ၃၀၀ မှ ၃၅၀ ကျပ်ခန့်သာ ရရှိကြောင်း
သိရသည်။
.
ယင်းကဲ့သို့ ပြောင်းဈေးနှုန်း ကျဆင်းလာနေသော်လည်း
ပြောင်းမျိုးစေ့မှာ ဈေးနှုန်းတက်လာပြီး ၂၀၁၉ ခုနှစ် ပြောင်းစိုက်ရာသီက ပြောင်းမျိုးစေ့
တစ်အိတ်လျှင် ၃၅၀၀၀ ကျပ်ဖြင့် ဝယ်ယူခဲ့ရသော်လည်း ယခုနှစ် ပြောင်းစိုက် ရာသီတွင်
၄၅၀၀၀ ကျပ်ဖြင့် ဝယ်ယူခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
"အရင်နှစ် ဒီအချိန်ဆိုရင် တစ်ပိဿာကို ၅၀၀
ကျော် ရနေပြီ။ အခုပြန်ရောင်းတဲ့အချိန်တော့ တစ်ပိဿာကို ၂၀၀ ကျော်ပဲ ရောင်းရတော့
အကြွေးတွေ တင်တယ်။ အဆင်မပြေဘူး။ အခုချိန်အထိ ပြောင်းတစ်ပိဿာကို ၃၀၀ ကျော်ပဲ
ရှိတယ်။ တကယ်ရောင်းတဲ့အချိန်ရောက်ရင် ဈေးပြန်ကျဦးမှာဆိုတော့ ဘယ်လောက်ပဲ ကျန်မလဲ
မသိဘူး။ ခုက ရောဂါကလည်း မရပ်သေးဘူးဆိုတော့ ပြောင်းမဝယ်မှာလည်း ကြောက်ရတယ်။
ခုရှေ့လျှောက် ပြောင်းဈေးနှုန်းက ကျဖို့ပဲ ရှိတယ်။ ဖြစ်နိုင်ရင်တော့ ပြောင်းဈေးနှုန်း
အတက်အကျ မရှိဘဲ တောင်သူတွေ အတွက် ဈေးနှုန်း အတင့်အသင့် ရှိစေချင်တယ်" ဟု
ပြောင်းစိုက်တောင်သူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ဟိုပုံးမြို့နယ်နေ
ပြောင်းစိုက်တောင်သူတစ်ဦးကလည်း "ကျွန်မတို့ဘက်က အခုမှ ပြောင်း စ ချိုးရမှာပါ။
ပြောင်းဈေးနှုန်းက ၃၀၀ ကျော် ၃၅၀ လောက်ပဲ ရှိတယ်။ နောက်ဆို ပြန်ကျလာမှာပဲ။
ပြောင်းစိုက်တာကလည်း အဆင့်ဆင့် လုပ်ရတယ်။ ပြီးရင် ဒီနှစ်က မျိုးစေ့ ဈေးတက်တယ်။
မြေဩဇာတွေကအစဆိုတော့ တစ်နှစ် တစ်နှစ် အဆင်မပြေဘူး"ဟု ပြောဆိုခဲ့သည်။
.
တောင်သူများ အနေဖြင့် ပြောင်းစိုက်ပျိုးရာတွင်
အပင်ဖြစ်ထွန်းအောင်မြင်ရန် အဆင့်ဆင့် ပြုလုပ်ရသည့် အတွက် ပြန်လည်ရောင်းချရာတွင်
သင့်တင့်သည့် ဈေးနှုန်း ရရှိလိုကြခြင်းဖြစ်ကြောင်း သိရသည်။
.