ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ သတင်းထုတ်ပြန်မှု အားနည်းနေ ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, November 13, 2020

ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ သတင်းထုတ်ပြန်မှု အားနည်းနေ ဟုဆို

ကိုစိုး (ကမ္ဘောဇတိုင်း)

.

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလအတွင်း ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အနေဖြင့် အွန်လိုင်းမှဖြစ်စေ၊ မြေပြင်ဖြစ်စေ သတင်းထုတ်ပြန်မှု အားနည်းနေသည်ဟု တောင်ကြီးမြို့အခြေစိုက် သတင်းမီဒီယာသမားများမှ ပြောဆိုလျက်ရှိကြောင်း သိရသည်။

.

.

“မြေပြင်မှာပဲဖြစ်ဖြစ်၊ အွန်လိုင်းမှာပဲဖြစ်ဖြစ် သတင်းထုတ်ပြန်မှုက မရှိသလောက် အားနည်းတယ်။ ရွေးကောက်ပွဲ အချိန်အထိ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဆိုတဲ့ Blue Mark ရထားတဲ့ Facebook Page က လုံးဝ သတင်းလည်း မတင်ဘူး။ ဘာအချက်အလက်မှလည်း မတင်ဘူး။ တော်တော်လေးတော့ ရှက်စရာ ကောင်းတာပေါ့။ သတင်းစီးဆင်းမှုကလည်း အရမ်းအားနည်းတယ်။ မေးလိုက်ရင်လည်း အဆင်မပြေတာက များတယ်။ ရှမ်းပြည်နယ် နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မထုတ်ပြန်ပေးနိုင်ရင်တောင်မှ အွန်လိုင်းကနေ တင်ထားပေးရင်တော့ အဆင်ပြေမယ်လို့ မြင်တယ်။ နောက်တစ်ခုက ဒီနေ့အချိန်အထိ ရွေးကောက်ပွဲပြီးတာ ၄/၅ ရက် ရှိနေပေမဲ့ သတင်း ထုတ်ပြန်တာ အားနည်းနေတုန်းပဲ” ဟု တောင်ကြီးဒေသခံ သတင်းသမားတစ်ဦးက ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။

.

ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် “Sub Commision Election-Shan State” အမည်ဖြင့် Facebook လူမှုကွန်ရက်စာမျက်နှာ ဖွင့်လှစ်ထားသော်လည်း ရွေးကောက်ပွဲအကြိုကာလမှသည် ယနေ့ ရွေးကောက်ပွဲ အလွန်ကာလအထိ ယင်းလူမှုကွန်ရက်စာမျက်နှာတွင် မည်သည့် သတင်းအချက်အလက်မျှ တင်ပြ၊ ထုတ်ပြန်ထားခြင်း မရှိသည့်အပြင် သတင်းမေးမြန်းရာတွင်လည်း အဆင်မပြေမှုများ ဖြစ်ပေါ်နေရခြင်းဖြစ်သည်ဟု သိရသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော်ထံသို့ ဆက်သွယ် မေးမြန်းရာတွင် “အွန်လိုင်း Page ရှိတာ ဟုတ်ပါတယ်။ ကျွန်တော် သတိမထားမိလိုက်ဘူး။ ပြောလိုက်ပါ့မယ်။ ကျွန်တော်တို့ဘက်က အားနည်းသွားတာပါ။ အလုပ်တွေများတော့ အဲဒီဘက်ကို မကြည့်နိုင်တော့တာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

.

ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို ဥက္ကဋ္ဌ ဦးထင်ကျော်နှင့် အဖွဲ့ဝင် ၁၄ ဦး၊ အတွင်းရေးမှူး ၁ ဦး၊ တွဲဘက် အတွင်းရေးမှူး ၁ ဦးတို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About