ကိုစိုး (ကမ္ဘောဇတိုင်း)
.
တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်လောက်ကျေးရွာအုပ်စု၊
နမ့်လောက်ကျေးရွာ မဲရုံအမှတ် (၁) တွင် ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်က ကြိုတင်မဲထည့်ရာ၌
စာအိတ်မလောက် ဟုဆိုကာ ၂၀၁၅ ရွေးကောက်ပွဲမှ စာအိတ်အပိုများဖြင့် မဲထည့်ခိုင်းမှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.
“မိုင်းဖြတ်မြို့နယ်၊ နမ့်လောက်အုပ်စုမှာ စာအိတ် မလောက်လို့
ဆိုပြီး ၂၀၁၅ တုန်းက အိတ်တွေ စတေကာ ကပ်ထားတဲ့ အိတ်တွေနဲ့ ထည့်ခိုင်းတယ်။ ကျွန်မတို့က
ပြောမှ အဲဒါတွေကို ခွာလိုက်တယ်။ အဲဒါနဲ့ ကျွန်မလည်း ပြည်နယ် ကော်မရှင်ကို ချက်ချင်း
သတင်းပို့တော့ မှားတာလို့ ပြောပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲအတွက်
ဘတ်ဂျက်တွေ အများကြီး အကုန်အကျခံ သုံးစွဲ ထားတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မှ ဒေါ်နီလာဝင်းက ပြောသည်။
.
ယင်းကဲ့သို့ စာအိတ် အစားထိုး အသုံးပြုမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်
အဖွဲ့ခွဲ ထံသို့ တင်ပြ ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ယင်းဆန္ဒမဲများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ
ခိုင်လုံမဲ အဖြစ် သတ်မှတ်ပေးရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တာချီလိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
ဥက္ကဋ္ဌ ဦးစိုင်း ဆိုင်ကျောက်က “UEC က သတ်မှတ်တဲ့စာအိတ်က မလောက်ဘူးဆိုရင်
အပြင်ကနေ ဝယ်တဲ့ စာအိတ်ကို အသုံးပြုခွင့် ရှိတယ်။ ကန့်ကွက်တာမျိုးတော့ မရှိပါဘူး။ ဘယ်စာအိတ်က
မလောက်တာလဲတော့ မသိပါဘူး။ တာချီလိတ်မြို့နယ် ထဲမှာတော့ စာအိတ်မလောက်တာမျိုး မရှိပါဘူး။
မလောက်ရင်လည်း လာယူကြတယ်။ နီးလည်း နီးတယ်။ မိုင်းဖြတ်ကတော့ နည်းနည်းဝေးပါတယ်” ဟု ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို
လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပသွားမည် ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း၌
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၃၆၆၅၇၆၀ ဦး ရှိကာ တစ်သီးပုဂ္ဂလ အပါအဝင် ပါတီ
၃၀ ကျော်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၀၀ ဦးခန့် ရွေးကောက်ပွဲ
ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
.