ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရန်ကုန်တိုင်းဒေသကြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ၏ ပြန်လည်တောင်းပန်မှုကို ကျေနပ်မှု မရှိသေးကြောင်း မြန်မာနိုင်ငံလုံး
ဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာ ဇော်မျိုးလှိုင်က ပြောဆိုခဲ့သည်။
.
.ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့်
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သတင်းစာ ရှင်းလင်းပွဲတွင်
ဆရာ/ဆရာမ အများစုသည် NLD ပါတီ ထောက်ခံသူများဖြစ်ကာ ကြားနေ ဆရာ/ဆရာမများ
မဖြစ်သည်ကို တွေ့ရှိရပါသည်ဟု ပြည်ခိုင်ဖြိုးမှ ပြောကြားခဲ့ခြင်းအပေါ် မြန်မာနိုင်ငံ
ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ယင်းနေ့ ညနေပိုင်းတွင် ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး
ယင်းကြေညာချက်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ကို ပြန်လည်တောင်းပန်ကြောင်း ထုတ်ပြန်ကြေညာထားခြင်း
ဖြစ်သည်။
.
“ကျွန်တော်တို့ ကျေနပ်မှုကတော့ မရှိသေးပါဘူး။ ကွန်ပျူတာ
အမှားဆိုတာ စာရိုက်မှားတာနဲ့ အဓိပ္ပာယ်မှားတာ လုံးဝ မတူပါဘူး။ နောက်ဆုံး ကွန်ပျူတာသမား
ဘယ်လောက်ပဲ မှားနေပါစေ သတင်းစာရှင်းလင်းပွဲမှာ အများသိအောင် ပြောတဲ့အခါ သိပ်ပြီး သဘာဝမကျပါဘူး။
ဆရာ/ဆရာမတွေအပေါ်မှာ အထင်အမြင်လွဲလို့ ပြောထားတာ ဖြစ်ပါတယ်။ ကွန်ပျူတာအမှား မဟုတ်ပါဘူး။
သူတို့ တောင်းပန်တာက ရိုးရိုးသားသား မှားသွားတာကို တောင်းပန်တာမျိုး မဟုတ်ဘဲ စွပ်စွဲခံရတဲ့သူကို
ကျေနပ်လောက်အောင် ပြောတာမျိုး မဟုတ်ဘူး ဖြစ်နေတယ်” ဟု ဒေါက်တာဇော်မျိုးလှိုင်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
နိုဝင်ဘာလ ၈ ရက်က ကျင်းပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက
နိုဝင်ဘာလ ၁၁ ရက်၊ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုးရုံး၌
သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းသတင်းစာရှင်းလင်းပွဲတွင် ပါတီဝန်းရံသူများနှင့်
သတင်းမီဒီယာများ အချင်းများမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
.