ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ
(၈)၊ မုံတဝသွားလမ်းရှိ ဗောဓိမဏ္ဍိုင် ဘုန်းတော်ကြီးကျောင်း မြေနေရာ အတွင်း
နေထိုင်နေသူများအား ဖယ်ရှားရှင်းလင်းပေးရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ စည်ပင်သာယာရေး
ဌာနမှ ဆောင်ရွက်ပေးခြင်းမရှိသဖြင့် ကြန့်ကြာနေလျက်ရှိသည်ဟု အဆိုပါကျောင်း ဆရာတော်ထံက
သိရသည်။
.
.
“ကုသိုလ်ရှင် ထင်ထင်ရှားရှားနဲ့ လှူဒါန်းထားတဲ့
သာသနာ့ ဝတ္တက မြေအတွင်းမှာ စည်ပင်သာယာရေးဌာနက ထားတယ် ဆိုတဲ့ အလုပ်သမားတွေ နေနေတယ်။
ဒီမြေက သာသနာကို လှူဒါန်းထားတာ ဖြစ်တဲ့အတွက် သာသနာ့မြေ ဖြစ်ပါတယ်။ လက်ရှိ သာသနာ့
ဝတ္တက မြေအတွင်းမှာ နေနေတဲ့ မိသားစုဝင်တွေက ဆင်းရဲနွမ်းပါး၊ ခိုကိုးရာမဲ့တွေ လည်း
မဟုတ်ပါဘူး။ ဒီတော့ သာသနာ့မြေကို သာသနာ့မြေအဖြစ် ရရှိအောင် လုပ်ဆောင်ပေးမယ်လို့
ဌာနဆိုင်ရာ များကိုလည်း ယုံကြည်ပါတယ်” ဟု ဗောဓိမဏ္ဍိုင်ကျောင်း ဆရာတော် ဦးဝါယမ က
ကမ္ဘောဇတိုင်းသို့ မိန့်ကြားခဲ့သည်။
.
ယင်းကဲ့သို့ ကျောင်းမြေနေရာအတွင်း ကျူးနေထိုင်နေသူများနှင့်
ပတ်သက်၍ စည်ပင်သာယာရေးဌာနသို့ အသိပေး တိုင်ကြားခဲ့သော်လည်း အရေးယူဆောင်ရွက်ပေးခြင်း
မရှိသဖြင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၄ ရက်တွင်
ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး၊ ပြည်နယ် သာသနာရေးဦးစီးဌာနမှူးတို့
ပါဝင်သော အဖွဲ့စုံက ကွင်းဆင်းစစ်ဆေး၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ပြန်လည် တင်ပြခဲ့ပြီး
ကျူးကျော်နေထိုင်လျက်ရှိသော လမ်းအလုပ်သမားများကို ဘုန်းတော်ကြီးကျောင်း၊ သာသနာ့ဝတ္တကမြေ
အတွင်းမှ အမြန်ဆုံး ဖယ်ရှားပေးရန် အောက်တိုဘာလ ၂ ရက်က ရှမ်းပြည်နယ်အစိုးရမှ ပြည်နယ်
စည်ပင်သာယာရေး ဌာနသို့ ညွှန်ကြားခဲ့ကြောင်း သိရသည်။
.
“မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးနေလင်းက အစိုးရရဲ့
ဆုံးဖြတ်ချက်ကို မနာခံနိုင်ဘူး။ သာသနာ့မြေကို စည်ပင် သာယာဌာနပိုင်အဖြစ် ကြိုးစားနေတယ်လို့
ပြောပါတယ်။ ဘုန်းကြီးအနေနဲ့ကတော့ အမှန်အတိုင်းဖြစ်ဖို့ ဆက်လက် ကြိုးစားမယ် လို့ မိန့်ကြားခဲ့ပါတယ်”
ဟု ဆရာတော် ဦးဝါယမက ဆက်လက်မိန့်ကြားခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍
တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးနေလင်းနှင့် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ
ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း တို့ထံသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ် မေးမြန်းရာတွင်
ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲချေ။
.
ဗောဓိမဏ္ဍိုင် ကျောင်းသည် တောင်ကြီးမြို့နယ်
သံဃနာယကအဖွဲ့၏ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်စွဲပါ စာအရ တရားဝင်
ဘုန်းတော်ကြီးကျောင်းအဖြစ် အသိအမှတ်ပြု ခံထားရသော ကျောင်းတစ်ကျောင်း ဖြစ်ပြီး
တောင်ကြီးမြို့၊ ဘုရားကြီးအနောက်ကျောင်း ဆရာတော် ဘဒ္ဒန္တ သဇ္ဇန၏
ကျောင်းတိုက်ခွဲတစ်ခုဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment