မင်းဇော်မင်း
.
သီပေါမြို့နယ်၊ အုံမုကျေးရွာအုပ်စု၊
ပန်ခါးကျေးရွာဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်အား နိုဝင်ဘာလ ၁၈ ရက်၊
နံနက်ပိုင်းက ကိုရင်တစ်ပါးမှ ဓါးဖြင့်ခုတ်မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ
ကိုရင်ကို လူဝတ်လဲကာ သီပေါမြို့မ ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
.
![]() |
ဓါတ်ပုံ - Axsai(HHN/LHN) |
ဓါးဖြင့်ခုတ်ခံရသည့် ကျောင်းထိုင်ဆရာတော် အရှင်
ဉာဏ်သောဘာသ မှ မိန့်ကြားရာတွင် ၎င်းအား ဓါးဖြင့်ခုတ်သူမှာ ကိုရင် ဣန္ဒဖြစ်ကြောင်း
သိရသဖြင့် သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းတွင် လူဝတ်လဲပြီး သီပေါမြို့မရဲစခန်း၌
ချုပ်နှောင်ထားရှိထားသည်ဟု ယင်းကိစ္စအား လိုက်ပါဆောင်ရွက်ပေးနေသူ သီပေါမြို့နယ်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုစိုင်းက ပြောသည်။
.
“ပထမ ဆရာတော် လဲကျပြီး ခေါင်းထိတယ်လို့
ပြောကြတယ်။ နောက်တော့ အဖြစ်မှန်က သွေဖည်ပြီး နှစ်ဘက် လူမျိုးရေးထိခိုက်စေတဲ့
သတင်းတွေ ကြားလာရတယ်။ အဲဒါနဲ့ အားလုံးညှိနှိုင်းတိုင်ပင်ပြီး ဆရာတော် သက်သာလာတဲ့
အခါ ဆေးရုံမှ သွားရောက်လျှောက်ထားမေးမြန်းတော့ အဖြစ်မှန်ကို သိရတာပါ” ဟု
ကိုစိုင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ဓါးခုတ်မှု ဖြစ်စဉ်နှင့် ပတ်သက်၍
လူမှုကွန်ရက်စာမျက်နှာ (Facebook) တွင် လူမျိုးရေး၊
အဖွဲ့အစည်းရေး မမှန်ကန်သည့် သတင်းများ ပျံ့နှံ့နေသဖြင့် ဆရာတော်ရှိရာ
သီပေါဆေးရုံသို့ သွားရောက်လျှောက်ထား မေးမြန်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
ဆရာတော် ဘုရားဝတ်ပြုနေစဉ် ဆူပူနေသည့်အတွက်
ပြောဆိုရာမှ လည်ပင်းကို ဓါးဖြင့် ခုတ်ခဲ့ခြင်းဖြစ်ပြီး ဓါးဖြင့် ခုတ်သူမှာလည်း
ပြင်ပပုဂ္ဂိုလ်မဟုတ်ဘဲ ကိုရင်လေး ဖြစ်သည်ဟု ဆရာတော်က မိန့်ကြားခဲ့ခြင်းဖြစ်သည်ဟု
သိရသည်။
.
ထိုသို့သွားရောက်ရာတွင် လက်ရှိ ၂၀၂၀
ပြည့်ရွေးကောက်ပွဲအနိုင်ရပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းမွမ်မွန်ပေါင်းအပါအဝင် တအာင်းပလောင်အမျိုးသားပါတီဝင်များနှင့်
ရပ်မိရပ်ဖများ ပါဝင်ခဲ့ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍
ရှမ်းပြည်တော်လှန်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) မှ
ကျောက်မဲ ဆက်ဆံရေးရုံးတာဝန်ခံက ပန်ခါးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်
လူထုတွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ဆေးရုံ တက်ရောက်နေကုသမှု ခံယူနေသည့်
ဆရာတော်အတွက် ဝတ္ထုငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။
.
ဓားခုတ်မှုဖြစ်စဉ်မှ ကျူးလွန်ခဲ့သူ ကိုရင်ကြီး
အရှင် ဣန္ဒအား သီပေါမြို့မရဲစခန်းတွင် (ပ) ၁၁၉/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆
ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.