ရှမ်းပြည်နယ်၌ ကြိုတင်မဲနှင့် ပတ်သက်၍ အငြင်းပွားမှုများကို တရားဝင် တိုင်ကြားမှု မရှိသေးဟု ပြည်နယ်ကော်မရှင် ဥက္ကဌ ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, November 4, 2020

ရှမ်းပြည်နယ်၌ ကြိုတင်မဲနှင့် ပတ်သက်၍ အငြင်းပွားမှုများကို တရားဝင် တိုင်ကြားမှု မရှိသေးဟု ပြည်နယ်ကော်မရှင် ဥက္ကဌ ပြော

ကိုစိုး (ကမ္ဘောဇတိုင်း)

.

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲများကို အောက်တိုဘာလ ၂၉ ရက်မှ စတင်၍ သက်ဆိုင်ရာ ရပ်/ကျေး‌ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် သတ်မှတ် မဲရုံနေရာများတွင် မဲပေးလျက်ရှိရာ ယနေ့ နိုဝင်ဘာလ ၄ ရက်၊ နံနက်ပိုင်းအထိ မဲ မသမာမှု/အငြင်းပွားမှုများနှင့် ပတ်သက်၍ ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ တရားဝင် တိုင်ကြားလာမှု မရှိသေးကြောင်း ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော်က ပြောဆိုခဲ့သည်။

.



.

“ဒီနေ့အထိတော့ တရားဝင် စာနဲ့ တိုင်ကြားတာ ဘာမှမရှိသေးပါဘူး။ လိုင်းပေါ်မှာတော့ တွေ့နေရပါတယ်။ အောက်မှာ နည်းနည်း အဆင်မပြေတာမျိုးတော့ ရှိရင် ရှိမှာပေါ့” ဟု ဦးထင်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအနက် ရှမ်းပြည်နယ်အတွင်းရှိ အသက် ၆၀ နှစ်အထက် မဲဆန္ဒရှင်များသည် အောက်တိုဘာလ ၂၉ ရက်မှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲများ ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

.

ရှမ်းပြည်နယ်အတွင်း အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၉၆၀၀၀ ကျော် ရှိသည့်အနက် နိုဝင်ဘာလ ၂ ရက်၊ ညနေပိုင်းအထိ ၇၄၀၀၀ ကျော် ကြိုတင်ဆန္ဒမဲပေးပြီးဖြစ်ကာ ကြိုတင်ဆန္ဒမဲပေးရန် ၃၂၀၀၀၀ ကျော် ကျန်ရှိနေကြောင်း သိရသည်။

.

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပ ပြုလုပ် သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း မြို့နယ် ၅၅ မြို့နယ် ရှိသည့်အနက် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ ၄ မြို့နယ်၊ ကျိုင်းတုံခရိုင်မှ မိုင်းလားမြို့နယ်၊ လွိုင်လင်ခရိုင်မှ မိုင်းကိုင်မြို့နယ်နှင့် မြို့နယ်အချို့ရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၁၃၈ ခုတို့မှ အပ ကျန်ဒေသများတွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About