ဟိုပုံးတွင် လူစုလူဝေးဖြင့် ဆောင်ရွက်သည့် ပျော်ပွဲရွှင်ပွဲ ဦးဆောင်သူများကို အရေးယူမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ဟိုပုံးတွင် လူစုလူဝေးဖြင့် ဆောင်ရွက်သည့် ပျော်ပွဲရွှင်ပွဲ ဦးဆောင်သူများကို အရေးယူမည်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်း၌ လူစုလူဝေးဖြင့် ဆောင်ရွက်သည့် ပျော်ပွဲရွှင်ပွဲ ဦးဆောင် ကျင်းပသူများကို တရားစွဲဆို အရေးယူသွားမည် ဖြစ်ကြောင်း ဟိုပုံးပြည်သူ့ဆေးရုံမှ နိုဝင်ဘာလ ၂၇ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

.

“ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း လိုက်နာပေးဖို့ပါ။ ကျွန်တော်တို့ဆီမှာ ပျော်ပွဲရွှင်ပွဲတွေ လုပ်တာ တွေ့နေရတဲ့အတွက် မလုပ်အောင်ပေါ့၊ ဒီမှာလည်း ပိုးက တွေ့လာပြီဆိုတော့ ကူးစက်မှု ထိန်းချုပ်တဲ့အနေနဲ့ လုပ်ဆောင်တာပါ။” ဟု ဟိုပုံးပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ မောင်မောင်သိန်း က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

လူစုလူဝေးဖြင့် ဆောင်ရွက်သည့် ပျော်ပွဲရွှင်ပွဲ ဦးဆောင် ကျင်းပသူများကို COVID-19 ရောဂါ ကူးစက်မှု ထိန်းချုပ်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် တရားစွဲဆို အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကာ လတ်တလောတွင်မူ ယင်းဥပဒေဖြင့် အရေးယူထားမှု မရှိသေးကြောင်း သိရသည်။

.


 

ဟိုပုံးမြို့နယ်အတွင်း၌ ပွဲပြုလုပ်နေမှုများ ရှိနေသည့် အပြင် လုပ်ဆောင်ရန် ပြင်ဆင်ထားသည့် အခြေအနေများနှင့် ပတ်သက်၍လည်း ဒေါက်တာ မောင်မောင်သိန်းက “ အကုန်လုံး ပိတ်ထားပြီးပါပြီ၊ မြို့နယ် ထွေ/အုပ်က ပိတ်ထားတာပါ။”ဟု ပြောသည်။

.

ယင်းကဲ့သို့ ပျော်ပွဲရွှင်ပွဲများ၊ ဘာသာရေးပွဲများအား COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အဖြစ် တားမြစ်မှုနှင့် ပတ်သက်၍ ဝေဖန်ပြစ်တင်သူ အချို့ ရှိသော်လည်း ထောက်ခံသူများလည်း ရှိနေကြောင်း သိရသည်။

.

“ ဝေဖန်ကြတာက မဲဆွယ်ပွဲတွေတုန်းက မတားဘဲနဲ့ ရိုးရာပွဲတွေ၊ ဘာသာရေးပွဲတွေကြမှ တားတယ်လို့ဆိုပြီးတော့ ဝေဖန်တာပေါ့။ မဲဆွယ်ပွဲဆိုတာက ဒေသရော၊ ရိုးရာရောနဲ့ မပတ်သက်ဘူး၊ နိုင်ငံရေးအရ သူတို့ မဲလိုချင်လို့ စည်းကမ်း ဖောက်ကြတာပေါ့။ သူတို့ဖြစ်ရင် သူတို့ပဲ တာဝန် ရှိတာ။ ဖြစ်လာရင်လည်း အဲဒီပါတီတွေကပဲ ရှင်းကြပေါ့။ ရိုးရာပွဲတွေကြတော့ ဒေသရော၊ လူမျိုးအတွက်ရော အကုန်လုံးနဲ့ ဆိုင်တယ်။ ဒီပွဲကြောင့် ဒီလို ဖြစ်သွားတယ် ဆိုတာမျိုးက ရိုးရာကို ထိခိုက်စေတယ်။ ပုံရိပ်ကျစေတယ်။ အခုလို တားမြစ်တာ ကောင်းပါတယ်။”ဟု ဟိုပုံးဒေသခံ တစ်ဦးက ပြောသည်။

.

ဟိုပုံးမြို့နယ် အတွင်း၌ ယနေ့အထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၃ ဦး တွေ့ရှိထားပြီး ယင်းအနက် ၁ ဦးမှာ ဆေးရုံမှ ဆင်းခွင့် ရပြီ ဖြစ်ကာ ကျန် ၂ ဦးမှာ ဟိုပုံးဆေးရုံ၌ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်းနှင့် လူနာများ၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်နေလျက် ရှိကြောင်း သိရသည်။

Journal Download

Photo of three cats