ရှမ်းပြည်နယ်ရှိ စည်ပင်သာယာရေးကော်မတီ ရွေးချယ်ပွဲများကို အစိုးရသစ် လက်ထက်မှသာ ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, November 24, 2020

ရှမ်းပြည်နယ်ရှိ စည်ပင်သာယာရေးကော်မတီ ရွေးချယ်ပွဲများကို အစိုးရသစ် လက်ထက်မှသာ ပြုလုပ်မည်

ကမ္ဘောဇတိုင်း

.

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အလိုက် စည်ပင်သာယာရေးကော်မတီ ရွေးချယ်ပွဲများကို လာမည့် အစိုးရသစ် လက်ထက်မှသာ လမ်းညွှန်ချက်များအတိုင်း ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

.

.

“ လောလောဆယ်တော့ ရွေးကောက်ပွဲလည်း ခုမှ ပြီးတာ၊ စည်ပင်သာယာရေးကော်မတီ အသစ်ကို ရွေးချယ်ဖို့အတွက်ကို လုပ်ဆောင်နေတာ မရှိသေးဘူး။ အစိုးရအဖွဲ့အသစ် (တတိယအကြိမ်အစိုးရ) ရဲ့ လမ်းညွှန်ချက်အတိုင်းပဲ လုပ်ဆောင်သွားပါမယ်။” ဟု ရှမ်းပြည်နယ်စည်ပင်ယာရေးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ရှမ်းပြည်နယ်စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၁၃ တွင် ပြည်နယ်ကော်မတီနှင့် မြို့နယ်ကော်မတီ၏ သက်တမ်းသည် ၅ နှစ် သက်တမ်းဖြစ်ပြီး၊ ရှမ်းပြည်နယ်လွှတ်တော်သက်တမ်းအတိုင်း ဖြစ်သည် ဟု ဖော်ပြ ပါရှိသည်။

.

 

“ လွှတ်တော်သက်တမ်းအတိုင်းပဲ ဖြစ်တယ် ဆိုပေမယ့်၊ ဥပဒေထဲမှာ ပါပေမယ့် ဒီအစိုးရသက်တမ်း ကုန်တဲ့အထိတော့ ဒီအတိုင်းပဲ သွားနေမှာပေါ့။ သက်တမ်း ကုန်တယ် ဆိုပေမဲ့လည်း စည်ပင်သာယာရေးလုပ်ငန်းတွေက မြို့နယ်တွေက ဆက် လုပ်နေမှာပါ။” ဟု ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ရှင်းပြသည်။

.

ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ အဖြစ် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှ ဥက္ကဌ အဖြစ် တာဝန်ယူ ဆောင်ရွက်နေပြီး ဒုဥက္ကဌ ၂ ဦး၊ အဖွဲ့ဝင် ၇ ဦး၊ အတွင်းရေးမှူး ၁ ဦး၊ တွဲဘက်အတွင်းရေးမှူး ၂ ဦး၊ စုစုပေါင်း ၁၃ ဦးဖြင့် ဖွဲ့စည်းရမည်ဟု ရှမ်းပြည်နယ်စည်ပင်သာယာရေး ဥပဒေတွင် ဖော်ပြပါရှိသည်။

.

ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ တိုက်ရိုက်ကွပ်ကဲမှု အောက်တွင် တည်ရှိသည့် ဌာနဖြစ်ပြီး ပြည်နယ်စည်ပင်သာယာရေး ကော်မတီကို နိုင်ငံသားများဖြင့် ရွေးချယ်ခန့်ထားသော နည်းလမ်းအရ ဖွဲ့စည်း၍ မြို့နယ်စည်ပင်သာယာရေး ကော်မတီများကို အများပြည်သူ ဆန္ဒအရ ရွေးချယ်ဖွဲ့စည်းသော နည်းလမ်းဖြင့် ဖွဲ့စည်းကြောင်း သိရသည်။

.

ရှမ်းပြည်နယ်အတွင်း၌ ပြည်နယ်စည်ပင်သာယာရေးကော်မတီ ၁ ဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေး ကော်မတီရုံးခွဲ ၂ ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ၅၀ ဖွဲ့၊ စုစုပေါင်း ၅၃ ဖွဲ့ ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats