ကမ္ဘောဇတိုင်း
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ
တောင်ရိုးတိုင်းရင်းသားများ အနေဖြင့် လျော်ကန်သင့်မြတ်သည့် လူဦးရေ ရှိသော်လည်း လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဆိုင်ရာရုံး၏ စာရင်း မမှန်ကန်မှုကြောင့် နစ်နာဆုံးရှုံးနေရသည် ဟု
ပင်လောင်းမြို့နယ် တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးမောင်သန့်က
ပြောဆိုခဲ့သည်။
.
![]() |
Photo - Shan State Government Office |
တောင်ရိုးတိုင်းရင်းသားများအနေဖြင့်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တွင် ကိုယ်စားလှယ်တစ်ဦး ရရှိ
နိုင်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရာတွင် မြေပြင်စာရင်းအရ
တောင်ရိုးတိုင်းရင်းသား ၁၂၀၀၀ ကျော် ရှိနေသော်လည်း လဝက စာရင်းတွင် ၆၁၆၀ ဦး သာ
ဖော်ပြထားသဖြင့် ကိုယ်စားလှယ်တစ်ဦး ရရှိရေး အတွက် နစ်နာဆုံးရှုံးနေရခြင်းဖြစ်ကြောင်း
သိရသည်။
.
“လဝက က ထုတ်ပြန်တဲ့ လူဦးရေစာရင်းက မတိကျဘူးလို့
ယူဆတယ်။ ဒေသတွင်းမှာရှိတဲ့ တောင်ရိုးတိုင်းရင်းသား တွေရဲ့ လူဦးရေစာရင်းကို
မြေပြင်ကွင်းဆင်း ကောက်ယူထားတာ မရှိသေးဘူး။ ကျွန်တော်တို့ လူဦးရေက ပြည့်မီနေရဲ့ သားနဲ့
လဝက ထုတ်ပြန်ချက် အရ မပြည့်မီဘူးဆိုရင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ
ရှိတဲ့ တောင်ရိုး တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍက နစ်နာ ဆုံးရှုံးရတာပေါ့။
လက်ရှိမှာတော့ လဝက ဦးစီးမှူးတွေနဲ့ တွေ့ပြီးတော့ တောင်ရိုးတိုင်းရင်းသားတွေရဲ့
လူဦးရေစာရင်း ကို ပြန်လည်စိစစ်ပေးဖို့ တောင်းဆိုရမှာပေါ့” ဟု ဦးမောင်သန့်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထိုသို့ တောင်ရိုးတောင်ရင်းသားများ၏
လူဦးရေစာရင်းကို မြေပြင်ကွင်းဆင်းကောက်ယူရာတွင် ငွေကြေးကုန်ကျမှု အပြင်
အချိန်ယူဆောင်ရွက်ရမည်ဖြစ်သည့်အတွက် လာမည့် အစိုးရသက်တမ်းတွင်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၌
တောင်ရိုးတိုင်းရင်းသားကိုယ်စားလှယ်တစ်ဦး ရရှိရေးမှာ မဖြစ်နိုင်သေးကြောင်း ၎င်းက
ဆက်လက် ပြောဆို ခဲ့သည်။
.
“တောင်ရိုးတိုင်းရင်းသားတွေတင် မကဘဲ
တခြားတိုင်းရင်းသားတွေ အခွင့်အရေး မဆုံးရှုံးရအောင် လဝက အနေနဲ့ လူဦးရေစာရင်းကို
တိကျတဲ့ ထုတ်ပြန်မှုမျိုး၊ ပြန်လည်စိစစ်ပေးတာမျိုး လုပ်ပေးဖို့ လိုမယ်လို့
ထင်ပါတယ်။ လက်ရှိ တောင်ရိုးတိုင်းရင်းသားတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ
လူဦးရေ ၁၀၀၀၀ အထက်မှာ ရှိမှ ဒေသဦးစီးမှာ တစ်ယောက် ရမယ်ဆိုတဲ့
ပြဌာန်းချက်တွေကိုလည်း ပြင်ဆင်ဖို့ လိုအပ်မယ်လို့ ထင်တယ်။ တိုင်းရင်းသားလူမျိုးစု
တစ်စု အနေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေက လျော်ကန်သင့်မြတ်တဲ့ လူဦးရေ
ရှိနေရဲ့နဲ့ ဆုံးရှုံးနေတဲ့အပေါ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့
အချက်တွေကြောင့်လိုပဲ ပြောလိုပါတယ်။ ဒီအတွက် ရှမ်းပြည်နယ်အစိုးရ အနေနဲ့ကော၊
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဖြစ်တဲ့ ဒေသန္တရအစိုးရ အနေနဲ့ကော
တိုင်းရင်းသားတွေအပေါ်မှာ သက်သက်ညှာညှာနဲ့ ဆောင်ရွက်ပေးနိုင်ဖို့
တောင်းဆိုချင်ပါတယ်” ဟု ဦးမောင်သန့်က ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဆိုင်ရာရုံး ညွှန်ကြားရေးမှူး ဦးအောင်မြင့်က “လူဦးရေ ကွာတယ် ဆိုတာက ကျွန်တော်တို့က
သူတို့ပေးတဲ့ အတိုင်းပဲ စာရင်းကောက်ရတာပါ။ မှတ်ပုံတင်လာလုပ်တဲ့အခါ ဘာလူမျိုးလဲ လို့မေးရင်
သူတို့က တောင်ရိုး လို့ မဖြေဘဲ ပအိုဝ်းလို့ ဖြေရင် ပအိုဝ်းလို့ပဲ ထည့်ပေးရမှာပေါ့။
ဒါက ကာယကံရှင် ပြောတဲ့အပေါ်မှာ ပဲ မူတည်ပါတယ်။ သူတို့ပြောတဲ့အတိုင်း ရေးပြီး မှတ်တမ်း
ထားတော့ ၆၀၀၀ ကျော်ပဲ ရှိတာပါ။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှာ
တောင်ရိုးတိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦး ရချင်တယ်ဆိုရင် အစိုးရအဖွဲ့ကို တင်ပြပေါ့။
ကျွန်တော်တို့ကတော့ ကန့်ကွက်စရာ မရှိပါဘူး” ဟု ပြောဆိုခဲ့သည်။
.
၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ
အခန်း (၂) အခြေခံမူများ၊ ပုဒ်မ ၁၅ တွင် လျော်ကန်သင့်မြတ်သော လူဦးရေရှိသည့်
တိုင်းရင်းသားလူမျိုးများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့်
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရစီရင်စု ဥပဒေပြုရေးတွင်
ထိုတိုင်းရင်းသားလူမျိုးကိုယ်စားလှယ်များ ပါဝင်ခွင့် ရှိသည်ဟု ပြဌာန်းဖော်ပြ
ထားသည်။
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကို
ရွေးကောက်ခံ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၆ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၃
ဦး၊ ဗမာတိုင်းရင်းသားနှင့် ရှမ်းတိုင်းရင်းသားကိုယ်စားလှယ် တစ်ဦးစီ၊ အတွင်းရေးမှူး
(အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးအမှူး) တစ်ဦးတို့ဖြင့် ဖွဲ့စည်းထားသည်။
.
No comments:
Post a Comment