စောဦး (ရတနာမြေ)
.
ကျောက်မဲခရိုင်၊ နမ္မတူမြို့လယ်ရှိ မြစ်ကူးတံတားပေါ်တွင်
ယနေ့ နိုဝင်ဘာလ ၂၅ ရက်၊ နံနက်ပိုင်းက အန္တရာယ်ကင်း ပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်ပြီးနောက်
ယာဉ်များ စတင်ဖြတ်သန်းသွားလာခွင့်ပြုပြီဖြစ်ကြောင်း တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့
(၄) မှ သိရသည်။
.
.ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲတွင် နမ္မတူမြို့နယ်
စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဆန်းလွင်၊ တံတား အထူးအဖွဲ့ (၄) မှ တာဝန်ရှိသူများနှင့်
ဒေသခံပြည်သူများက ဆရာတော်၊ သံဃာတော်များအား ပူဇော်ကန်တော့်ခဲ့ပြီး နမ္မတူမြို့နယ်၊
ဣစ္ဆာသယမြို့လယ်ကျောင်းတိုက်မှ ဆရာတော်များထံက ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်များက
အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခဲ့ကြောင်း သိရသည်။
.
ထို့နောက် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ
ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချ အမျှပေးဝေကာ နေ့လယ် ၁၂ နာရီတွင် နမ္မတူမြို့လယ် မြစ်ကူးတံတားပေါ်မှ
ယာဉ်များ စတင်ဖြတ်သန်းခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ နမ္မတူမြို့လယ်မြစ်ကူးတံတားသည် Steel
Plate Girder၊ သံကူကွန်ကရစ် ယက္မ + သံကူကွန်ကရစ်ကြမ်းခင်း၊ အောက်ထည်
သံကူကွန်ကရစ်တိုင်ကိုယ်ထည်အမျိုးအစား တံတားဖြစ်ပြီး တံတားအရှည် ၂၈၀ ပေ၊ တံတားခန်းဖွဲ့
၄ ခန်း၊ ရေလမ်းကင်းလွတ်အကျယ် ၁၂၈ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၃ ပေ၊ ယာဉ်သွားလမ်းအကျယ်
၂၄ ပေ၊ လူသွားလမ်း အကျယ် တစ်ဘက် ၃ ပေ၊ တံတားအကျယ် ၃၀ ပေရှိကာ ခွင့်ပြုယာဉ်အလေးချိန်
HL -93 Load Class ဖြစ်ကြောင်း သိရသည်။
.
တံတားတည်ဆောက်မှုအတွက် ရှမ်းပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေကျပ်
၁၁၈၇ ဒသမ ၆၅ သန်းဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း
တံတားအထူးအဖွဲ့ (၄) မှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးသူရသန်းထံက သိရသည်။
.
ယခုကဲ့သို့ နမ္မတူမြို့လယ် မြစ်ကူးတံတား တည်ဆောက်ပြီးစီးသဖြင့်
ဒေသခံများ၏ လူမှု၊ စီးပွားဘဝ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း သိရသည်။
.