တပ်မတော် ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ ဖွဲ့စည်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, November 10, 2020

တပ်မတော် ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ ဖွဲ့စည်း

ကမ္ဘောဇတိုင်း

.

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ လိုအပ်သလို ဆွေးနွေး နိုင်ရန် တပ်မတော် ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို အဖွဲ့ဝင် ၅ ဦး ဖြင့် ဖွဲ့စည်းလိုက်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုဝင်ဘာလ ၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

,

.

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံအစည်းအဝေးများမှ ရရှိခဲ့သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ပိုင်းနှင့် သဘောတူညီချက် ၅၄ ချက်အပါအဝင် ကျန်ရှိသည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်ပါ အချက်များအား ဆက်လက်ဆွေးနွေးရန် ရှိသော်လည်း COVID-19 ရောဂါ ဖြစ်ပွားခြင်းနှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရန် ဆောင်ရွက်ခြင်းတို့ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများအား ခေတ္တ ရပ်ဆိုင်းထားရာမှ ယခုအခါ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး COVID-19 ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ခြင်း၊ နိုင်ငံတော်၏ ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် မဖြစ်မနေ လိုအပ်ခြင်း၊ NCA လက်မှတ် ရေးထိုးပြီး အဖွဲ့များ၊ လက်မှတ်ရေးထိုးရန် ကျန်အဖွဲ့များနှင့် ဆက်လက် ဆွေးနွေးနေဆဲ ဖြစ်ခြင်းတို့ကြောင့် ယင်းကဲ့သို့ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း တပ်ချုပ် ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

.

အဆိုပါ တပ်မတော် ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်တို့က အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့က အဖွဲ့ဝင် အဖြစ်လည်းကောင်း ဆောင်ရွက် ကြမည်ဖြစ်ကြောင်း သိရသည်။

.

၎င်း တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီသည် NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင် ဆက်လက်ဆွေးနွေးခြင်း၊ NCA လက်မှတ် မရေးထိုးသေးသော အဖွဲ့ များအား လက်မှတ်ရေးထိုးသည်အထိ ဆက်လက်ဆွေးနွေးခြင်းနှင့် ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် လိုအပ် သည်များ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

.


No comments:

Post a Comment

Journal Download

Photo of three cats

About