ထူးထူးခြားခြား ကိုယ်စားလှယ်လောင်းများ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, November 1, 2020

ထူးထူးခြားခြား ကိုယ်စားလှယ်လောင်းများ

ရှမ်းပြည်နယ်အတွင်း၌ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်အရွေးချယ်ခံကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ၉၀၀ ကျော် ရှိသည့်အနက် ရှမ်းပြည်နယ်အတွက် ထူးခြားမှု ရှိသည့် ကိုယ်စားလှယ်လောင်း အချို့ကို တင်ပြထားခြင်း ဖြစ်ပါသည်။

.


 

ဒေါက်တာ လင်းထွဋ် (NLD)

.

လက်ရှိတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုအဖြစ် ရှမ်းပြည်နယ်လွှတ်တော်၊ လားရှိုးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ရွေးကောက်တင်မြှောက်ခံရသူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ပင် ယှဉ်ပြိုင်မည် ဖြစ်သည်။ ၎င်းနှင့်  ၎င်း၏ ပါတီသာ အနိုင် ရရှိပါက ရှမ်းပြည်နယ်ဝန်ကြီးချုပ် အဖြစ် သော်လည်းကောင်း၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌအဖြစ် သော်လည်းကောင်း ခန့်အပ်ခံရနိုင်ဖွယ် ရှိသူ ဖြစ်သည်။ ယခင်က သွားဘက်ဆိုင်ရာ ဆရာဝန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး မအူပင်မြို့ ဇာတိဖြစ်ကာ လက်ရှိတွင် လားရှိုးမြို့တွင် နေထိုင်သူ ဖြစ်သည်။

.


 

ဦးခင်မောင်ညွန့် (ခ) စိုင်းခမ်းပိုင်ဖ (SNLD)

.

လက်ရှိတွင် ကျေးသီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဖြစ်ကာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ(၂) ဖြစ်သည်။ ရွေးကောက်ပွဲတွင် ၎င်း၏ မဲဆန္ဒနယ်မှသာ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ၎င်းနှင့် ၎င်း၏ ပါတီအနိုင် ရရှိသည် ဖြစ်စေ၊ ညွန့်ပေါင်းအစိုးရ တစ်ရပ် ဖွဲ့စည်းသည် ဖြစ်စေ ရှမ်းပြည်နယ် ဝန်ကြီးချုပ် အဖြစ် တာဝန်ပေးအပ် ခံရနိုင်ဖွယ် ရှိသူ ဖြစ်သည်။ ယခင်က မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် ကော်ပိုရေးရှင်းလုပ်ငန်းနှင့် ရှမ်းပြည်နယ် ဘောလုံးအဖွဲ့ချုပ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။ တောင်ကြီးမြို့ရှိ တော်ဝင်ဖိနပ်ဆိုင် ပိုင်ရှင် ဖြစ်ပြီး မော်လမြိုင်(ကျောက်တလုံး) ဇာတိ ဖြစ်ကာ တောင်ကြီးမြို့တွင် နေထိုင်သူ ဖြစ်သည်။

.


 

ဦးစိုင်းဇော်ဇော် (USDP)

.

လာမည့် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်၊ တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံမည့်သူ ဖြစ်ကာ ၎င်းနှင့် ၎င်း၏ ပါတီသာ အနိုင်ရရှိပါက ရှမ်းပြည်နယ်ဝန်ကြီးချုပ် အဖြစ် သော်လည်းကောင်း၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌအဖြစ် သော်လည်းကောင်း ခန့်အပ်ခံရနိုင်ဖွယ် ရှိသူ ဖြစ်သည်။ ယခင် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် တောင်ကြီးမြို့နယ် မဲဆန္ဒနယ်တွင် ယှဉ်ပြိုင် အရွေးချယ်ခံရာတွင် ရှုံးနိမ့်ခဲ့ရသည်။ တောင်ကြီးမြို့ စူဠာမုနိစေတီတော် ဂေါပကအဖွဲ့၊ နမ့်ခုံး ရှမ်းများပရဟိတအဖွဲ့တို့တွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပြီး တောင်ကြီးမြို့ ဇာတိဖြစ်၍ တောင်ကြီးမြို့တွင်ပင် နေထိုင်သူ ဖြစ်သည်။

.


 

နန်းရီရီဝင်း (PNO)

.

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် နာယက ဦးအောင်ခမ်းထီ၏ သမီး ဖြစ်၍ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့တွင် နေထိုင်သူ ဖြစ်သည်။ ရှမ်းပြည်နယ်လွှတ်တော်၊ တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တွင် ဝင်ရောက် ယှဉ်ပြိုင်မည့်သူ ဖြစ်သည်။ အနိုင် ရရှိ၍ ညွန့်ပေါင်းအစိုးရ တစ်ရပ် ဖွဲ့စည်းလျှင် သော်လည်းကောင်း၊ မဟာမိတ် ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး‌ပါတီ အနိုင် ရရှိလျှင် သော်လည်းကောင်း ရှမ်းပြည်နယ် ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရနိုင်ဖွယ် ရှိသူ ဖြစ်သည်။ မြန်မာနိုင်ငံ အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း၊ ရန်ကုန်တိုင်းဒေသကြီး ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ ပအိုဝ်းတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းတို့တွင် ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

.


 

ဦးဇုတ်ဒေါင် (တစ်သီးပုဂ္ဂလ)

.

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ကချင်တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် အစိုးရသက်တမ်း ၂ ကြိမ်ဆက် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ ယခု ရွေးကောက်ပွဲတွင်လည်း ရှမ်းပြည်နယ်၊ ကချင်တိုင်းရင်းသားရေးရာ မဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက် ယှဉ်ပြိုင်အရွေးချယ်ခံမည် ဖြစ်သည့်အတွက် အနိုင် ရရှိပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် သက်တမ်း ၃ ကြိမ်ဆက် ဝန်ကြီး ဖြစ်လာနိုင်ပေသည်။ ယခင်က မုံးကိုးတိုက်နယ် သူကြီး၊ မုံးကိုးသောင်းကျန်းသူ ဆန့်ကျင်ရေးအဖွဲ့ ခေါင်းဆောင်၊ အမျိုးသားညီလာခံ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ဖြစ်ပြီး မုံးကိုးမြို့ဇာတိ ဖြစ်၍ လားရှိုးမြို့တွင် နေထိုင်လျက် ရှိသည်။

.


 

ဦးစိုးညွန့်လွင် (NLD)

.

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုအဖြစ် ရှမ်းပြည်နယ်လွှတ်တော်၊ ကလောမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ အရွေးချယ်ခံရသူ ဖြစ်သည်။ ရွေးကောက်ပွဲတွင် တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၌ ယှဉ်ပြိုင်မည် ဖြစ်ပြီး ၎င်းနှင့် ၎င်း၏ပါတီ အနိုင် ရရှိပါက ရှမ်းပြည်နယ်ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရနိုင်ဖွယ် ရှိသူ ဖြစ်သည်။ အောင်ပန်းမြို့ရှိ ဟိန်းမြန်မာ ကိုယ်ပိုင်အထက်တန်းကျောင်း ပိုင်ရှင် ဖြစ်၍ ယခင်က ကျူရှင်ဆရာနှင့် စာရေးဆရာ အဖြစ် လုပ်ကိုင်၍ မျိုးဆက်သစ်(ရှမ်းပြည်)တွင် ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ဇာတိမှာ တောင်တွင်းကြီးမြို့ဖြစ်၍ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် နေထိုင်သူ ဖြစ်သည်။

.


 

ဦးခွန်စံလွင် (PNO)

.

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ အဖြစ် သက်တမ်း ၂ ကြိမ်ဆက် တာဝန်ထမ်းဆောင်နေသူ ဖြစ်ကာ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်၊ ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တွင် ယှဉ်ပြိုင် အရွေးချယ်ခံမည် ဖြစ်ရာ ၎င်းနှင့် ၎င်း၏ ပါတီသာ အနိုင်ရရှိပါက ၃ ကြိမ်ဆက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ အဖြစ် တာဝန် ထမ်းဆောင်ရဖွယ် ရှိသူ ဖြစ်သည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ ဥက္ကဌ ဖြစ်ကာ တောင်ကြီးမြို့ဇာတိ ဖြစ်၍ တောင်ကြီးမြို့တွင် နေထိုင်သူ ဖြစ်သည်။

.


 

ဦးသန်းဝင်း (USDP)

.

လက်ရှိ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြစ်ကာ မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ရွေးကောက် တင်မြှောက်ခံရသူ ဖြစ်ပြီး ယခု ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ ပြန်လည် ယှဉ်ပြိုင် အရွေးချယ်ခံမည် ဖြစ်သည်။ ယခင်က တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် စစ်မှုထမ်း အငြိမ်းစား ဖြစ်ပြီး လားရှိုးမြို့ဇာတိ ဖြစ်ကာ တောင်ကြီးမြို့တွင် နေထိုင်သူ ဖြစ်သည်။ ၎င်းနှင့် ၎င်း၏ပါတီ အနိုင် ရရှိပါက ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌအဖြစ် တာဝန် ပေးအပ်ခံရနိုင်ဖွယ် ရှိသူဖြစ်သည်။

.


 

ဦးဝင်းကျော် (ခ) ဦးအိုက်မိန်း (တစ်သီးပုဂ္ဂလ)

.

လက်ရှိ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဖြစ်ပြီး ယခင် ၂၀၁၅ ရွေးကောက်ပွဲတွင် တအာင်းပလောင် အမျိုးသားပါတီ ကိုယ်စားပြု အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဖြစ်သော်လည်း ယခု ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ် ရှမ်းပြည်နယ်လွှတ်တော်၊ နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တွင် ယှဉ်ပြိုင် အရွေးချယ်ခံမည် ဖြစ်သည်။ ရွေးကောက်ပွဲတွင် အနိုင် ရရှိပါကလည်း တစ်သီးပုဂ္ဂလ ဖြစ်ခြင်းကြောင့် ဒေသဦးစီးဥက္ကဌ ဖြစ်နိုင်ချေ မရှိသော်လည်း ၎င်း၏ စည်းရုံးမှုနှင့် လုပ်ငန်း ဆောင်ရွက်ချက်အရ ဥက္ကဌ တာဝန်ကို ထမ်းဆောင်ခွင့် ရမည် ဖြစ်သည်။ နမ့်ဆန်မြို့နယ်၊ တောင်ကျော်ကျေးရွာ ဇာတိဖြစ်၍ နမ့်ဆန်မြို့တွင် နေထိုင်သူ ဖြစ်သည်။

.


 

ဒေါ်တင်တင်ရီ (INLP)

.

အင်းအမျိုးသားအဖွဲ့ချုပ် ကိုယ်စားပြုအဖြစ် ရှမ်းပြည်နယ် အင်းတိုင်းရင်းသားရေး ကိုယ်စားလှယ်လောင်း အဖြစ် ယှဉ်ပြိုင် အရွေးချယ်ခံမည့်သူ ဖြစ်သည်။  ညောင်ရွှေမြို့တွင် နေထိုင်သည့် ဟိုတယ်လုပ်ငန်းရှင် တစ်ဦး ဖြစ်ကာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့တွင် ပထမဆုံးအမျိုးသမီး တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် တာဝန် ယူရမည် ဖြစ်သည်။

.

[အထက်ပါ ခန့်မှန်းချက် အခြေအနေများမှာ ကမ္ဘောဇတိုင်း၏ ခန့်မှန်းချက် အာဘော် မဟုတ်ဘဲ စာရေးသူ၏ ခန့်မှန်းချက် အာဘော် အယူအဆသာ ဖြစ်ပါသည်။]

.

No comments:

Post a Comment

Journal Download

Photo of three cats

About