စိုင်းသိင်္ခသူ
.
လားရှိုးမြို့တွင် ယနေ့ နိုဝင်ဘာလ ၁၂ ရက်၊ နေ့လယ်ပိုင်းက
အဝေးပြေးကားဂိတ်မှတစ်ဆင့် ပါဆယ်ဖြင့် ပို့ဆောင်မည့် ငွေကျပ် သိန်း ၆၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား
သယ်ဆောင်လာသူ အမျိုးသား ၂ ဦးနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
.
![]() |
ဓါတ်ပုံ - လားရှိုးမြို့မရဲစခန်း
.
လားရှိုးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော
ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁၂ ရက်၊ နေ့လယ် ၁၁ နာရီအချိန်က မူးယစ်ဆေးဝါးသတင်းအရ လားရှိုးမြို့၊
နားမခေါ်ကာဝင်းအတွင်း စောင့်ဆိုင်းနေစဉ် လားရှိုး-ရန်ကုန်ပြေးဆွဲနေသည့် ရာဇာထွန်း ယာဉ်လိုင်းသို့
မော်တော်ယာဉ်တစ်စီး ရောက်ရှိလာပြီး ယာဉ်ပေါ်မှ အမျိုးသား ၂ ဦး ဆင်းကာ ဂျပ်ဖာ တစ်ခုအား
ပါဆယ်ပို့ဆောင်ရန် သယ်ဆောင်လာသည်ကို တွေ့ရှိသဖြင့် စစ်ဆေးရာ ၎င်းတို့ သယ်ဆောင် လာသည့်
ဂျပ်ဖာအတွင်း၌ သကြား ၅၀ ကျပ်သားပါသည့် အထုပ် ၂ ထုပ် အပြင် တရုတ်နိုင်ငံထုတ် Portable
Speaker ၉ လုံး အတွင်း
အနက်ရောင်တိပ်ဖြင့်ပတ်ထားသည့် အိတ်များအတွင်း WY စာတမ်းပါသည့်
စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၆၀၀၀၀ ပြား၊ ဒေသပေါက်ဈေး တန်ဖိုး ငွေကျပ် သိန်း
၆၀၀ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ စိုင်းခေးနှင့်
စိုင်းဆိုင်လိုင်းတို့ ၂ ဦးအား လားရှိုးမြို့မရဲစခန်းတွင် မယ(ပ) ၁၅၉/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားပြီး
ကွင်းဆက်များ စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
.