ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်အတွင်းရှိ အထင်ကရ ဘုရားစေတီများ၊ ဘာသာရေးဆိုင်ရာ
အဆောက်အဦများနှင့် စားသောက် ဆိုင်များ အား လတ်တလောတွင် ပြန်လည်ဖွင့်လှစ်ရန် မဖြစ်နိုင်သေးကြောင်း
ရှမ်းပြည်နယ်အစိုးရထံက သိရသည်။
.
.အဆိုပါ ဘုရားစေတီများ၊ ဘာသာရေးဆိုင်ရာအဆောက်အဦနှင့်
စားသောက်ဆိုင်များအား COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး
အမျိုးသားအဆင့်ဗဟိုကော်မတီ\ ညွှန်ကြားချက် ရရှိလာပါက ဖွင့်လှစ်နိုင်ရေးအတွက်
စစ်ဆေးမှု များကိုမူ ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
.
“ခွင့်ပြုချက်ရရင် ဖွင့်နိုင်အောင် ကြိုတင်စစ်ဆေးနေတဲ့
သဘောပါ။ ညွှန်ကြားချက်ကတော့ ရှိပြီးသားပါ။ COVID-19 ရောဂါ တိုးနေရင်
ဖွင့်မှာမဟုတ်ပါဘူး။ အခုလတ်တလောမှာတော့ စည်းကမ်းတွေ ပိုပြီး တင်းကြပ်ထားပါတယ်။ တင်းကြပ်တာက
တစ်ပိုင်းပေါ့။ နောက်ဖွင့်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်တဲ့သဘောပါ။ လတ်တလော ဖွင့်ဖို့တော့
မဖြစ်နိုင်သေးပါဘူး” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ နိုဝင်ဘာလ ၂၀ ရက်၊
ညပိုင်းအထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၇၆၄၁၄ ဦး ရှိလာပြီးဖြစ်ပြီး
ယင်းအနက် ၁၆၉၅ ဦး သေဆုံး၍ ၅၆၆၀၁ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှဆင်းခွင့် ရရှိပြီ
ဖြစ်ကာ ရှမ်းပြည်နယ်တောင်ပိုင်း ဒေသအတွင်း၌လည်း နိုဝင်ဘာလ ဒုတိယပတ်မှ စတင်၍ COVID-19
ပိုးတွေ့လူနာအရေအတွက် မြင့်တက်လာနေလျက်ရှိကြောင်း သိရသည်။
.