နန်းဝင်းရီ
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဟိုပုံးမြို့နယ်တွင် စိုက်ပျိုးထားသော စတော်ဘယ်ရီအသီးများ စတင် ထွက်ရှိနေပြီဖြစ်ရာ
စတော်ဘယ်ရီ ဝယ်သူနှင့် ခရီးသွားလာသူများ မရှိခြင်းကြောင့် စတော်ဘယ်ရီ စိုက်တောင်သူများမှာ
အဆင်မပြေ ဖြစ်ပေါ်နေရကြောင်း သိရသည်။
.
.“ဒီနှစ် စပေါ်တဲ့အချိန်က ဈေးကွက်လည်း မရှိဘူး။ COVID-19 ရောဂါကြောင့် ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းမယ်ဆိုရင် အများကြီး ကွာတာပေါ့။
ပြီးခဲ့နှစ် အသီးစပေါ်တဲ့အချိန်က တစ်ခြင်းကို ၄၀၀၀၊ ၅၀၀၀ ရောင်းရတယ်။ ဒီနှစ်ကျတော့
စပေါ်တဲ့ အချိန်က ၂၀၀၀၊ ၂၅၀၀ ပဲရောင်းရတယ်။ ခရီးသွားပြည်သူကလည်း မရှိတော့
လမ်းဘေးမှာရောင်းတဲ့သူတွေကို သွားသွင်းတော့လည်း သူတို့လည်း အဆင်မပြေဘူး” ဟု စတော်ဘယ်ရီစိုက်တောင်သူ
ဦးမောင်ကြီးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြီးခဲ့သည့် ၂၀၁၉ နှစ်ကုန်က ဟိုပုံးမြို့နယ်တွင်
စတော်ဘယ်ရီ အရောင်းသွက်ခြင်းကြောင့် အဆင်ပြေခဲ့ပြီး ယခုနှစ်တွင် COVID-19 ရောဂါကြောင့် ဝယ်လက်မရှိဘဲ အဆင်မပြေ ဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း သိရသည်။
.
“စတော်ဘယ်ရီကို ကုန်ချောထုတ်ပေးနိုင်တဲ့
စတော်ဘယ်ရီဝိုင် နည်းပညာ ပံ့ပိုးပေးစေချင်တယ်။ ဒီနှစ်က ရောင်းလို့ မရဘူးဆိုရင်
ခြံထဲမှာ ပုတ်နေရင် အခက်အခဲ အများကြီး ရှိနိုင်တယ်။ ကျွန်တော်တို့
တောင်သူလယ်သမားကို နည်းပညာပေးရင် ဒီထွက်တဲ့ သီးနှံတွေ ရှုံးဆုံးမှု နည်းတာပေါ့။
ရောဂါတော့ အမြန်ပြီးစေချင်တယ်။ ကာကွယ်ဆေး တောင့်တတာပေါ့။” ဟု ဦးမောင်ကြီးက
ဆက်လက်ပြောဆိုခဲ့သည်။
.
စတော်ဘယ်ရီကို ဒေသသီး၊ ထိုင်ဝမ်သီး၊ ယိုးဒယားသီး
၃ မျိုးဖြင့် စိုက်ပျိုးလျက်ရှိပြီး ထိုင်ဝမ်ပင် တစ်ပင်လျှင် ငွေကျပ် ၄ဝဝ မှ ၅ဝဝ အထိ၊
ဒေသသီး တစ်စည်းလျှင် ၂ဝဝ ကျပ်မှ ၃ဝဝ ကျပ်ဖြင့် ဝယ်ယူ ရကြောင်း သိရသည်။
.