ခွန်သန်းအောင်
.
ကလောမြို့နယ်၊ အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်၊
အောင်ပန်း-ပင်းတယသွား ကားလမ်းပေါ်တွင် ယနေ့ နိုဝင်ဘာလ ၁၃ ရက်၊ ညနေပိုင်းက ဆိုင်ကယ်
၂ စီး မျက်နှာချင်းဆိုင် တိုက်မိပြီး အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါ အဝင် ၄ ဦး
ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.ကလောမြို့နယ်၊ လွယ်အံကျေးရွာအုပ်စု၊ ပြည်ကျော်ကျေးရွာနေ
မနှင်းမှုံသည် နိုဝင်ဘာလ ၁၃ ရက်၊ ညနေ ၄ နာရီခွဲ ခန့်က အသက် ၃ နှစ်အရွယ် ၎င်း၏ သားဖြစ်သူ
မောင်ရှင်းသန့်ကိုကို အား တင်ဆောင်ပြီး ဆိုင်ကယ်ဖြင့် ပင်းတယဘက်မှ အောင်ပန်းဘက်သို့
မောင်းနှင်လာစဉ် အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်၊ အထက (၈) ကျောင်းရှေ့ အရောက်တွင်
မျက်နှာချင်းဆိုင်မှ အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်နေ မျိုးထွန်းလတ် မောင်းနှင်ပြီး
နောက်တွင် အောင်နိုင်ထွေး လိုက်ပါစီးနင်းလာသည့် ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုကြောင့် မနှင်းမှုံတွင် နဖူးဝဲဘက် ပေါက်ပြဲဒဏ်ရာ၊ ဝဲဂျိုစောင်း ဖူးယောင်နာကျင်ဒဏ်ရာ၊ ဝဲဘက်ဒူး ပေါက်ပြဲဒဏ်ရာ၊ ဝဲခြေသလုံး ပေါက်ပြဲဒဏ်ရာ စိုးရိမ်ရ၊ မောင်ရှင်းသန့်ကိုကိုတွင် နှာခေါင်းသွေးထွက် ဒဏ်ရာ၊ နဖူးဝဲဘက် ပွန်းပဲ့ဒဏ်ရာ၊ အပေါ်နှုတ်ခမ်း ပွန်းပဲ့ဒဏ်ရာ မစိုးရိမ်ရ၊ မျိုးထွန်းလတ်တွင် နှာခေါင်းသွေးထွက် ဒဏ်ရာ၊ နဖူးပေါက်ပြဲဒဏ်ရာ၊ ဝဲမျက်လုံး ဖူးရောင်နာကျင်ဒဏ်ရာ၊ ဝဲခြေဖနောင့် ပွန်းပဲ့ဒဏ်ရာ စိုးရိမ်ရနှင့် အောင်နိုင်ထွေး တွင် ဝဲဘက်ဒူး ဖူးရောင်နာကျင်ဒဏ်ရာ၊ ဝဲဘက်ပေါင် ပွန်းပဲ့ဒဏ်ရာ၊ ယာခြေသလုံး ပွန်းပဲ့ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း သိရသည်။
.
ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ဆိုင်ကယ်မဆင်မခြင်မောင်းနှင်ပြီး
မိမိကိုယ်တိုင်နှင့် သူတစ်ပါးအား ထိခိုက်ဒဏ်ရာရ စေသူ ဆိုင်ကယ်ယာဉ်မောင်း မနှင်းမှုံနှင့်
မျိုးထွန်းလတ်တို့ ၂ ဦးအား အောင်ပန်းနယ်မြေရဲစခန်းတွင် ယာဉ် (ပ) ၅၇/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ
၂၇၉/၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.