မင်းဇော်မင်း
.
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်နှင့်
ချင်းရွှေဟော်မြို့များတွင် အောက်တိုဘာလအတွင်းက လာရောက်ကုန်ချခဲ့သည့် ယာဉ်မောင်းတစ်ဦး၌
COVID-19 ရောဂါပိုး တွေ့ရှိခဲ့မှုကြောင့် ၎င်းနှင့်ဆက်စပ်သူများအား
စစ်ဆေးခဲ့ပြီး ထပ်မံ လာရောက်ကုန်ချမည့် ယာဉ်မောင်းများအား မြို့ပြင်ကွင်းများ၌သာ ရပ်နားခွင့်
ပြုမည်ဖြစ်ကာ မြို့တွင်း ဝင်ရောက်ကုန်ချမှုကို ဂိုထောင်ပိုင်ရှင်များက တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း
သိရသည်။
.
.ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ COVID-19
ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကို
ယနေ့ နိုဝင်ဘာလ ၄ ရက်၊ နံနက်ပိုင်းက ပြုလုပ်ရာ၌ ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း
လောက်ကိုင်-ချင်းရွှေဟော် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဒေါ်လွင်လွင်မာ ထံက သိရသည်။
.
“မြို့တွင်းကို အလှဉ့်ကျ ကားတွေဝင်ခိုင်းပြီး ကုန်ချရင်
ကားပေါ်က ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ မဆင်းခိုင်းဘဲ ကုန်ချရမယ်။ မြေပြင်ပေါ်မှာတွေ့ရင်
အဲဒီဂိုထောင်ကို ၃ လ ပိတ်မယ်လို့ ဆုံးဖြတ်ကြပါတယ်။ ကျွန်မကတော့ မြို့ပြင် သဲကွင်းကားရပ်နားကွင်းမှာ
ကိုယ့်ဆီလာတဲ့ ကားတွေကို ရေချိုးခန်း၊ အိမ်သာတွေ ဆောက်ပေးထားပြီး အလှည့်ကျ ဝင်ရောက်စေမှာဖြစ်ပါတယ်”
ဟု ဒေါ်လွင်လွင်မာက ပြောသည်။
.
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ COVID-19
ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ နိုဝင်ဘာလ
၃ ရက် ထုတ်ပြန်ချက်တွင် RTD ဖြင့် စစ်ဆေးခဲ့ပြီး အောက်တိုဘာလ
၂၇ ရက်က ဝင်ရောက်ကာ ၃၁ ရက် က ပြန်လည်ထွက်ခွာသွားသည့် မန္တလေးမြို့မှ ယာဉ်မောင်းတစ်ဦးတွင်
COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း နှင့် ၎င်းတွင် ရောဂါကင်းရှင်းကြောင်း
လက်မှတ်ပါရှိသော်လည်း ၂ ပတ်ပြည့်သဖြင့် ပြန်လည်စစ်ဆေးရာတွင် ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊
ထို့ကြောင့် ၎င်းနှင့် ထိစပ်ခဲ့သူ ၂၆ ဦးအား ဂိုထောင်တွင်သာ နေထိုင်စေခြင်းနှင့် ထမင်းဆိုင်အား
အသွားအလာကန့်သတ်ပြီး အလုပ်သမား ၁၁ ဦးအား လောက်ကိုင်မြို့၊ အမှတ် (၁) ရပ်ကွက်ရှီ ယာယီအဆောက်အဦ
တွင် Quarantine ထားရှိခြင်းများ ဆောင်ရွက်ထားကြောင်း ဖော်ပြပါရှိသည်။
.
လက်ရှိတွင်
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ည ၉ နာရီနောက်ပိုင်း ညမထွက်ရ
အမိန့်ထုတ်ပြန်ထားသည့် ဒေသဖြစ်ပြီး ယင်းဒေသ၏ COVID-19
ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ က စက်တင်ဘာ ၁၆ ရက်တွင်
ထုတ်ပြန်ထားသည့် အခြားဒေသမှ ဝင်ရောက်ခွင့်ကို ကန့်သတ်ထားခြင်းရုပ်သိမ်းခြင်းမရှိသေးသည့်
နယ်မြေဖြစ်ကာ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ပြည်ပကုန်သွယ်ရေး ပုံမှန်စီးဆင်းမှုအတွက်
ကုန်ကားများကို အကန့်အသတ်ဖြင့် ဝင်ရောက် ခွင့်ပြုနေသည့်နယ်မြေဖြစ်ကြောင်း သိရသည်။
.