ကိုစိုး (ကမ္ဘောဇတိုင်း)
.
ပါတီ ဖျက်သိမ်းခံရသည့် ရှမ်းပြည်နယ်အတွင်းရှိ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) (နှင်းဆီပါတီ) ပါတီဝင်များအနေဖြင့်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ဝန်းရံသွားမည် ဖြစ်ကြောင်း
ယင်းပါတီ၏ ရှမ်းပြည်နယ်တာဝန်ခံ ဦးမြငြိမ်းက ပြောဆိုလိုက်သည်။
.
.
“ပြည်ခိုင်ဖြိုးကို ဝန်းရံမှာ ဟုတ်ပါတယ်။ နိုင်ငံရဲ့ တိုးတက်မှုဖြစ်စဉ်
ကိုပဲ ကြည့်တာပေါ့။ ၂၀၁၀-၂၀၁၅ ဦးသိန်းစိန် အစိုးရလက်ထက် ဘက်ပေါင်းစုံ တိုးတက်မှုကို
ကြည့်တာပေါ့။ အဲဒီလိုကြည့်ပြီး အောက်တိုဘာလ ၂၃ ရက်မှာ တောင်ကြီးခရိုင် ၁၀ မြို့နယ်
ခေါင်းဆောင်တွေ၊ ပါတီဝင်တွေနဲ့ အစည်းအဝးလုပ်ပြီး အားလုံးရဲ့ သဘောတူညီချက်နဲ့ လုပ်ခဲ့တာပါ။
ပြည်ခိုင်ဖြိုးကို ပါတီဝင်လိုက်တာတော့ မဟုတ်ဘူး။ ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ ဝန်းရံတာပါ။
ညွှန်ကြားတာမျိုးတော့ မရှိပါဘူ” ဟု ဦးမြငြိမ်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) (နှင်းဆီပါတီ)
သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ်
(၄) နှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၅၊
နည်းဥပဒေခွဲ (ခ)၊ (ဂ)၊ (စ) ပါ ပြဌာန်းချက်များနှင့် ငြိစွန်းကြောင်း
စိစစ်တွေ့ရှိရသည့်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၇ ရက်တွင်
ယင်းပါတီအား ကြေညာချက်အမှတ် (၁၉၈/၂၀၂၀) ဖြင့် မှတ်ပုံတင်ခွင့် ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
.
“ကျွန်တော်တို့အနေနဲ့ အဖွဲ့အစည်းမရှိတော့ပေမဲ့ စနစ်တကျ တည်ဆောက်ထားတဲ့
အဖွဲ့အစည်း ဆိုတော့ အားလုံးက ညီအစ်ကိုလိုပဲ အထက်၊ အောက် ဆက်သွယ်မှု၊ ဆက်ဆံမှုတွေ ရှိပါတယ်။
ဒီတော့ ဘာလုပ်လုပ် အားလုံးရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ သွားပါတယ်” ဟု ဦးမြငြိမ်းက ဆက်လက်ပြောဆိုခဲ့သည်။
.
လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ်
ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ တွင် ညီညွတ်သောဒီမိုကရက်တစ်ပါတီ
ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း များ၏
အမည်စာရင်းကို ပယ်ဖျက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန် သက်ဆိုင်ရာ
ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်သို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။
.
“ပြည်ခိုင်ဖြိုးကို ပါတီအနေနဲ့ ဝင်တာမဟုတ်ဘဲနဲ့ ဝန်းရံတဲ့
သဘောပါပဲ” ဟု ညီညွတ်သော ဒီမိုကရက်တစ် ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း
တင်သွင်းထားခဲ့သူတစ်ဦး ကလည်း ပြောဆိုခဲ့သည်။
.
ညီညွတ်သော ဒီမိုကရက်တစ်ပါတီသည် မြန်မာတစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် လွှတ်တော်ကိုယ်စားလှယ် လောင်း ဒုတိယအများဆုံး
ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် နိုင်ငံရေးပါတီတစ်ခု ဖြစ်ပြီး
ရှမ်းပြည်နယ်တွင် ကိုယ်စားလှယ်လောင်း အရေအတွက် အများဆုံး ဝင်ရောက်ယှဉ်ပြိုင်ရန်
အမည်စာရင်း ပေးသွင်းခဲ့သော နိုင်ငံရေး ပါတီတစ်ခုလည်း ဖြစ်သည်။
.