ငွေကြေးဖြင့် ဈေးခေါ်သည့် ဆန္ဒမဲဈေးကွက် အနေအထား ဖြစ်ပေါ်နေဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, November 1, 2020

ငွေကြေးဖြင့် ဈေးခေါ်သည့် ဆန္ဒမဲဈေးကွက် အနေအထား ဖြစ်ပေါ်နေဟု ဆို

မင်းဇော်မင်း                

.

မဲရုံ တာဝန်ရှိသူများက လိုချင်သည့် မဲရလိုသူ လူပုဂ္ဂိုလ်/ပါတီများသို့ ငွေကြေးဖြင့် ဈေးခေါ်မှုများ ဖြစ်ပေါ်နေကြောင်း မိုင်းဆတ်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးက ပြောကြားသည်။

.

အဓိကတော့ အုပ်ချုပ်ရေးလည်း သူပဲ၊ ပြည်သူ့စစ်လည်း သူပဲ၊ မဲရုံ တာဝန်ကျတွေကလည်း သူတို့လူတွေပဲ ဆိုတာနဲ့ လုပ်စားနေကြလို့ မဲလိုချင်ရင် ငွေပေး ဆိုတဲ့သဘော ဖြစ်လာနေလို့ သက်ဆိုင်ရာတွေကို အစည်းအဝေးမှာ တင်ပြထားတယ်၊ ကြိုတင်မဲတွေဆိုရင် ရပ်ကျေးစာရေးတွေဆီမှာ ပုံအပ်ထားတော့ မဲရုံတွင်းမှာ ဒီပါတီကို ထည့် ဆိုတာမျိုးတွေ ရှိလာတယ်၊ ကျွန်တော်တို့ လုပ်ပေးရမလား ဆိုပြီး ပြောလာတာတွေ ရှိနေတယ်၊ မှန်ကန်တဲ့ စည်းရုံး မဲဆွယ်မှုကို လက်ခံကြိုဆိုပေမယ့် ခုလို မမှန်ကန်တဲ့ လုပ်ရပ်နဲ့ မဲရမှာ၊ ယူမှာကိုတော့ လက်မခံနိုင်ဘူး၊ ရွေးကောက်ပွဲရဲ့ စံနှုန်းတွေနဲ့လည်း မကိုက်ညီဘူး။” ဟု မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းကျော်အောင် (SNLD)က ကမ္ဘောဇတိုင်းသို့ နိုဝင်ဘာ ၁ ရက်က ပြောသည်။

.


ကြိုတင်မဲ ပေးသည့် အောက်တိုဘာ၂၉ ရက်က စတင်၍ ကိုယ်စားလှယ်လောင်း အနေဖြင့် မဲရုံများသို့ သွားရောက် ကြည့်ရှုခဲ့ခြင်းကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ ကြည့်ရှုရာတွင် UEC နှင့် နိုင်ငံရေးပါတီများ အကြား ညွှန်ကြားချက်များကို အချိန်နှင့် တစ်ပြေးညီ မထုတ်ပြန် နိုင်ခြင်း၊ ထိတွေ့ ဆက်သွယ်မှု အားနည်းခြင်း၊ မဲရုံမှူးသင်တန်းများ ပို့ချသော်လည်း စည်းမျဉ်းလုပ်ထုံး လုပ်နည်းများ အပြည့်အ၀ နားလည်မှု မရှိခြင်း၊ ကြိုတင်မဲ ပေးရက်တွင် မဲရုံမှူး၊ ရပ်ကျေးစာရေးနှင့် ကော်မရှင်တို့ ချိတ်ဆက်မှု အားနည်းခြင်း၊ မသမာသောနည်းလမ်းများနှင့် ဆန္ဒမဲ ရယူလိုသော နိုင်ငံရေးပါတီများကြောင့် ရပ်ကျေး တာဝန်ရှိသူများ၊ ဝန်ထမ်းများ ဘက်လိုက် အကျင့်ပျက်ပြားခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများအပေါ် ဖိအားပေး မဲဆွယ်စည်းရုံးခြင်း၊ ငြိမ်းချမ်းရေး တပ်ဖွဲ့နယ်မြေများသို့ စည်းရုံးရေး၊ ဆက်သွယ်သွားလာရေး ခက်ခဲကြန့်ကြာခြင်း၊ မဲရုံအတွင်း ဘက်လိုက် မဲပေးစေခိုင်းမှုများ မထိန်းသိမ်းနိုင်ခြင်း၊ ပြည်သူများမှ မဲပေးရမည့် နည်းလမ်း စိတ်ဝင်စားမှု မရှိ၍ ပယ်မဲ များပြားနိုင်ခြင်း စသည်တို့ကို တွေ့ရှိရသည်ဟု ပြောသည်။

.

ပါတီ အကျိုး၊ မိမိ အကျိုး၊ လူမျိုးစု အကျိုး၊ အာဏာ တည်မြဲရေး အကျိုးများကို ဘေးဖယ်ထား၍ ပြည်သူ့ကိုယ်စားလှယ်လောင်း အစစ်အမှန် ရွေးချယ်ပေးနိုင်ရေးအတွက် အားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်မှသာ မိမိတို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းအပေါ် ရောက်ရှိမည် ဖြစ်ကြောင်းကိုလည်း ၎င်းက တိုက်တွန်းခဲ့သည်။

.

မိုင်းဆတ်မြို့နယ်တွင် မဲရုံပေါင်း ၅၈ ခု ရှိပြီး ဆန္ဒမဲ ပေးခွင့် ရှိသော မဲဆန္ဒရှင် ဦးရေ စုစုပေါင်း ၅၉၇၀၃ ဦး ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About