ရှမ်းတောင်ထွက် ထောပတ်သီးများ လန်ဒန်စျေးကွက်သို့ တိုးချဲ့တင်ပို့နိုင်တော့မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, November 16, 2020

ရှမ်းတောင်ထွက် ထောပတ်သီးများ လန်ဒန်စျေးကွက်သို့ တိုးချဲ့တင်ပို့နိုင်တော့မည်

မင်းဇော်မင်း

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်များမှ ထွက်ရှိသည့် မြန်မာ့ထောပတ်သီးများကို လန်ဒန်စျေးကွက် သို့ တိုးချဲ့တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

.


.

မြန်မာ့ထောပတ်သီးကို အင်္ဂလန်နိုင်ငံစျေးကွက်သို့ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက စမ်းသပ်တင်ပို့နိုင်ခဲ့ ပြီးနောက် ယင်းကဲ့သို့ အမှာစာများရရှိလာခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း ထံက သိရသည်။

.

“အခုက ရောင်းတန်းဝင် အဆင့်ရှိ ထောပတ်သီးမျိုးစုံ တန်ဝက်ကို လေကြောင်းလိုင်းနဲ့ နေ့ချင်းတင်ပို့ပြီး လန်ဒန်မှာ စောင့်ကြည့် ၃ ရက် ပြီးတဲ့နောက် စားသုံးသူတွေဆီက အရသာကောင်းမွန်တယ်ဆိုတဲ့ သဘောထားမှတ်ချက် ကိုရရှိ ခဲ့ပြီးနောက် သူတို့ဆီကအမှာစာတွေရရှိခဲ့တာဖြစ်တယ်။ ရှမ်းတောင်ဟိုပုံးနဲ့ ဆီဆိုင်ဘက်က အသီးတွေစျေးကွက်မှာ နာမည်ရပါတယ်။ နောက်ပိုင်း ရေကြောင်းနဲ့ပို့ဖို့ လုပ်ဆောင်နေတယ်” ဟု မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဒေါ်စန္ဒာမျိုးက ကမ္ဘေဇတိုင်းသို့ ပြောသည်။

.

မြန်မာနိုင်ငံသစ်သီး ဝလံ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း(MFVP) ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံမှ Amara Variety (Local Veriety)Hass နှင့် Buuccaneer  ထောပတ်သီးအမျိုးအစား ၃ မျိုးကို ဗြိတိန်နိုင်ငံသို့တင်ပို့ခဲ့ရာ လန်ဒန်နှင့် ရှပ်ဖီးလ် မြို့များရှိလက်လီစျေးကွက် တွင် အရသာကောင်းမွန်သဖြင့် နှစ်ခြိုက်ကြကြောင်း စားသုံးသူများ၏သဘောထားမှတ်ချက်များ ရရှိထားပြီး လာမည့် နိုဝင်ဘာ ၁၉ ရက်တွင် မြန်မာသံရုံးနှင့်ဗြိတိန်ကုန်သည်ကြီးမျာအသင်းတို့ စိုက်ပျိုးရေးထွက်ကုန်များတင်ပို့ခြင်းဆိုင်ရာ Webinr တစ်ရပ်အား စီစဉ်ထားကြောင်း အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ မြန်မာသံရုံးက နိုဝင်ဘာ ၁၄ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

.

“ဒေသမျိုးတွေ မျိုးကောင်းမျိုးသန့်တွေ ထပ်တိုးချဲ့စိုက်ဖို့၊ နိုင်ငံခြားစျေးကွက်အတွက် ထုပ်ပိုးစက်ရုံတည် ဆောက်ဖို့ တွေလိုအပ်နေဆဲဖြစ်ပါတယ်။ မှာသလောက် မထွက်သေးတာဖြစ်လို့ တောင်သူတွေအနေနဲ့တွက်ချေကိုက် တာဖြစ်လို့ ဘိန်းအစားထိုးအနေနဲ့ကို ပိုစိုက်ဖို့လိုပါတယ်” ဟု ရှမ်းပြည်နယ်ထောပတ်သီးစိုက်ပျိုးထုတ်လုပ်ရောင်းချသူများ အသင်း ဥက္ကဌ ဦးခွန်ထွန်းထွန်းဝင်း က ပြောသည်။

.

အန္တရာယ်များပြီး လူသားများအတွက် အကျိုးမရှိသည့် ဘိန်းအစား ထောပတ်သီးကို စိုက်ပျိုးပါက တောင်သူ များပိုမို တွက်ချေကိုက်မည်ဖြစ်ပြီး ယင်းအချက်ကို တောင်သူများလည်း သိရှိလာနေပြီဖြစ်ကြောင်း၊ အဓိကမှာ အရင်းအနှီး ဖြစ်သည့်အတွက် မတတ်နိုင်သူများအတွက် ပံ့ပိုးမှုများလိုအပ်နေကြောင်း ဒေသဦးစီးအဖွဲ့ကလည်း နိုင်ငံခြားပညာရှင် များ နည်းပညာတွေ ရှာဖွေခေါ်ဆောင်ပေးနေကြောင်း မျိုးခြံများတည်ထောင်နိုင်ရန်လိုအပ်နေသဖြင့် အသင်းမှ ကွင်းဆင်း၍စိုက်ခြံများသို့ လိုက်လံကြည့်ရှု ကူညီနေကြောင်း ၎င်းက ပြောသည်။

,

အသင်းအနေဖြင့် တောင်သူများထံက ၂၀၀ ဂရမ်မှ ၂၅ဝ ဂရမ် (တစ်ကီလို)ကို ကျပ်ငွေ ၇၀၀၀ ဖြင့် ဝယ်ယူ ပေးနေကာ ဟိုပုံးနှင့်ဆီဆိုင်မြို့နယ်များတွင် ထောပတ်သီးစိုက်ဧက ၈၀၀၀ မှ ၁၀၀၀၀ အထိရှိကြောင်း၊ လက်ရှိ  ထိုင်းနိုင်ငံသို့ တင်ပို့နေပြီး ယခုလန်ဒန်စျေးကွက်လိုအပ်ချက်များအပြင် ထပ်မံ၍ စင်္ကာပူ၊ ဟောင်ကောင်များသို့ စျေးကွက်ချဲ့ထွင်နိုင် မည်ဖြစ်သဖြင့် အရည်အသွေးကောင်းမွန်မှုကို ဦးစားပေးလုပ်ဆောင်ကြရန် လိုအပ်မည်ဖြစ်သည်ဟု သိရှိရသည်။

.

လက်ရှိ လန်ဒန်စျေးကွက်တွင် ထောပတ်သီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ ခန့် ရရှိနေသဖြင့် တစ်ဧက ၂ တန်မှ ၅ တန်ခန့်ထွက်နိုင်သည့် မြန်မာ့ထောပတ်သီးထုပ်လုပ်မှုကို တိုးချဲ့စိုက်ပျိုးရန်လိုအပ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About