အဂတိလိုက်စားမှု တိုင်ကြားစာများကို ACC တောင်ကြီးရုံးခွဲသို့ စတင် ပေးပို့နိုင်ပြီ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, November 19, 2020

အဂတိလိုက်စားမှု တိုင်ကြားစာများကို ACC တောင်ကြီးရုံးခွဲသို့ စတင် ပေးပို့နိုင်ပြီ

ကမ္ဘောဇတိုင်း

.

ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ အတွင်းရှိ အဂတိတိုက်ဖျက်ရေးလုပ်ငန်းများကို ပိုမိုလျှင်မြန်စွာ ဆောင်ရွက်နိုင်ရန် တိုင်ကြားစာများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ACC) (တောင်ကြီးရုံးခွဲ)သို့ စတင်ပေးပို့နိုင်ပြီ ဖြစ်ကြောင်းနှင့် ပြည်သူလူထု အနေဖြင့်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို လာရောက်ဆွေးနွေးနိုင်ရန် စီစဉ်ထားရှိပြီး ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောဆိုခဲ့သည်။

.

.

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (တောင်ကြီးရုံးခွဲ) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာလ ၁၉ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ရထားသံလမ်းအနီးရှိ ယင်းရုံး အဆောက်အဦသစ်တွင် ကျင်းပရာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

.

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ACC) (တောင်ကြီးရုံးခွဲ) ကို ဖွင့်လှစ်နိုင်သည့်အတွက် ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ အတွင်းရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ပိုမိုလျှင်မြန်စွာ ဆောင်ရွက်နိုင်မည် ဒေါက်တာလင်းထွဋ်က ဆက်လက်ပြောဆိုခဲ့သည်။

.

ယခုဖွင့်လှစ်ခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (တောင်ကြီးရုံးခွဲ) သည် မြန်မာနိုင်ငံအတွင်း တတိယ မြောက် ဖွင့်လှစ်သည့် ကော်မရှင်၏ ရုံးခွဲဖြစ်ပြီး စတုတ္ထမြောက် ရုံးခွဲအဖြစ် မော်လမြိုင်ရုံးခွဲကို နိုဝင်ဘာလ ၂၀ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

ရုံးဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် (တောင်ကြီးရုံးခွဲ) ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်တို့က အမှာစကားများ အသီးသီး ပြောကြားကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (တောင်ကြီးရုံးခွဲ) အဆောက်အဦအား တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

.

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးချုပ်ကို နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျဌာနီလမ်းတွင် ဖွင့်လှစ်ထားပြီး ကော်မရှင်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန်၊ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန်၊ အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မား တိုးတက်လာစေရန်၊ အဂတိ လိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင် ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှု မရှိစေရေး အတွက် အကာအကွယ်ပေးရန်၊ အဂတိလိုက်စားမှု ကျူးလွန်သူများအား ထိရောက်စွာ အရေးယူရန်၊ တရားဥပဒေ စိုးမိုးရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍများ၌ ပိုမို ပွင့်လင်းမြင်သာမှု ရှိပြီး ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။

.

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက ပြန်လည်စတင်ဖွဲ့စည်းခဲ့ပြီးနောက် နိုင်ငံတော်အတွင်း ဖြစ်ပွားနေသော အဂတိလိုက်စားမှုများကို အောင်မြင်စွာ တိုက်ဖျက်နိုင်ရေးအတွက် ကော်မရှင်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၁၈-၂၀၂၀) ကို ရေးဆွဲကာ နှစ်အလိုက် လုပ်ငန်းအစီအစဉ် များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

ကော်မရှင်သက်တမ်း ၃ နှစ်တာ ကာလအတွင်း ကော်မရှင်သို့ ပေးပို့လာသည့် တိုင်ကြားစာပေါင်း ၂၅၃၁၄ စောင်တွင် ၂၀၂ စောင်အား စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ခဲ့ပြီး စစ်ဆေးပေါ်ပေါက်ခဲ့သည့် တိုင်ကြားစာ ၇၁ စောင်မှ လူပုဂ္ဂိုလ် ၁၅၆ ဦးတို့အား အရေးယူနိုင်ရန် အမှုပေါင်း ၁၇၀ ကို တရားစွဲဆို တင်ပို့နိုင်ခဲ့ပြီး တရားစွဲဆို တင်ပို့ခံရသူများတွင် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဆင့်မှ ဝန်ကြီးချုပ်အဆင့်အထိ ပါဝင်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About