ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလသည် ယနေ့ (နိုဝင်ဘာလ ၂၇ ရက်)၊ နေ့လယ်ပိုင်းတွင် ကျိုင်းတုံမြို့၌ ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
.
“ လူကြီးရောဂါနဲ့ပဲ ကွယ်လွန်သွားတာပါ။ နာရေးကိုတော့ ကျိုင်းတုံမှာပဲ ဘာသာရေးအရပဲ လုပ်မှာပါ။ ပွဲတွေဘာတွေ မလုပ်ပါဘူး။”ဟု အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးအားလယ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဝန်ကြီး ဦးအာဗေလ၏ ရုပ်အလောင်းကို ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)ရှိ ၎င်း၏ နေအိမ်တွင် ထားရှိပြီး နာရေးကို ကျိုင်းတုံမြို့တွင် ဘာသာရေးအရသာ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
.
ဦးအာဗေလကို ကျိုင်းတုံမြို့နယ်၊ လွယ်မွေအုပ်စု၊ နောင်လျန်ရွာ၌ ၁၉၅၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်တွင် မွေးဖွားခဲ့ခြင်း ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားပြု အာခါ တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသူ ဖြစ်သည်။