မင်းဇော်မင်း
.
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း
(AAPP) က ယနေ့ နိုဝင်ဘာလ ၂၀ ရက်၊ နံနက်ပိုင်းတွင် ညောင်ရွှေထောင်နှင့်
ရှမ်းတောင်ရှိ ထောင်၊ အကျဉ်းစခန်းများသို့ COVID-19 ကပ်ရောဂါ
ကာကွယ်တိုက်ဖျက်ရေး အထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်းခဲ့သည်ဟု သိရသည်။
.
.ထိုသို့ လှူဒါန်းရာတွင် AAPP မြန်မာပြည်တာဝန်ခံ ဦးအောင်မျိုးကျော်နှင့်အတူ ရှမ်းပြည်နိုင်ငံရေးအကျဉ်းသားဟောင်း
တစ်ဦးဖြစ်သူ ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးတို့က ညောင်ရွှေအကျဉ်းထောင်တွင်
ညောင်ရွှေအကျဉ်းထောင်၊ တောင်လေးလုံးအကျဉ်းစခန်း၊ တောင်ကြီး (၂) မိုင် အချုပ်ထောင်၊
ထီးခန်း စိုက်/မွေး စခန်း၊ ဘန်းကန်စိုက်/မွေးစခန်းတို့အတွက် စုပေါင်း လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
“ပထမလှိုင်းကတည်းက ပံ့ပိုးကူညီနေတာပါ။ ထောင်ထဲမှာ
ရောဂါတစ်ခုဖြစ်ရင် ထိန်းချုပ်ဖို့ မလွယ်ပါဘူး။ ဒီအတွက် အကျဉ်းသားတွေရဲ့ ကျန်းမာရေးနဲ့
ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီ လုပ်ဆောင်တာဖြစ်ပါတယ်” ဟု
AAPP မှ ဦးအောင်မျိုးကျော်က ပြောသည်။
.
အဆိုပါ ထောက်ပံ့မှုတွင် COVID-19 ကာကွယ်ရေး အထောက်အပံ့ပစ္စည်းများဖြစ်သော ကာဘော်လစ်ဆပ်ပြာတောင့် များ၊ Dattol
ပိုးသတ်ဆေးဆပ်ပြာ၊ ဆေးဖြန်းပုံးများနှင့်လက်ဆေးဆပ်ပြာအရည်များ ကို လှူဒါန်းခဲ့ပြီး
ညောင်ရွှေ အကျဉ်းဦးစီးတာဝန်ခံ ထောင်ပိုင်ကြီးနှင့် တောင်လေးလုံးအကျဉ်းစခန်း၊ တောင်ကြီး
(၂) မိုင်အချုပ်ထောင်များမှ ထောင်ပိုင်များ က လက်ခံရယူခဲ့ကြောင်း သိရသည်။
.
ယခုကဲ့သို့ COVID-19 ကပ်ရောဂါ
ကာလတွင် အချုပ်သား ရမန်ရယူရာ၌ အွန်လိုင်းမှ ရယူနိုင်သော်လည်း မဖြစ်မနေ ရုံးထုတ်ရာတွင်
PPE ဝတ်စုံများဖြင့် ရုံးထုတ်ရကြောင်း၊ ချုပ်သစ်၊ ကျသစ်များ ထောင်အချုပ်သို့
ရောက်ရှိချိန်တွင်လည်း ၎င်းတို့အား သီးခြား Quarantine ထားပြီး
ထောင်မှူးများက Test Kit ဖြင့် ရောဂါစစ်ဆေးရာတွင် PPE
ဝတ်စုံဝတ်ဆင် လုပ်ဆောင်ရသဖြင့် လိုအပ်နိုင်သည့် PPE ဝတ်စုံများ ထပ်မံလှူဒါန်းနိုင်ရေး အဖွဲ့အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး
အများပြည်သူအနေဖြင့်လည်း ပါဝင်လှူဒါန်းစေလိုကြောင်း ဦးအောင်မျိုးကျော်က ဆက်လက်ပြောဆိုခဲ့သည်။
.
AAPP အဖွဲ့အနေဖြင့် ယခု အစီအစဉ်ကို ထောင်ပေါင်း
၁၉ ထောင်၊ စခန်းပေါင်း ၁၂ ခု တို့တွင် လှူဒါန်းပေးခဲ့ပြီးဖြစ်ကာ အခြားထောင်၊
စခန်းများသို့ ဆက်လက်လှူဒါန်းသွားရန် ရှိနေကြောင်း သိရသည်။
.