သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများ ဆောင်ရွက်မည့် နိုင်ငံပိုင် ရဟတ်ယာဉ် နေပြည်တော်သို့ ရောက်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများ ဆောင်ရွက်မည့် နိုင်ငံပိုင် ရဟတ်ယာဉ် နေပြည်တော်သို့ ရောက်ရှိ

ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ် တုံ့ပြန်မှု လုပ်ငန်းများ အပါအဝင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများနှင့် နိုင်ငံတော်ကိစ္စရပ်များတွင် အသုံးပြုရန် ဝယ်ယူထားသော နိုင်ငံတော်ပိုင် AW-139 အမျိုးအစား ရဟတ်ယာဉ် XY-AFT သည် နိုဝင်ဘာလ ၁ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်သို့ ဆိုက်ရောက်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံးက ထုတ်ပြန်ခဲ့သည်။

.

အဆိုပါ AW-139 အမျိုးအစား ရဟတ်ယာဉ် XY-AFT နေပြည်တော်တစ်ဝိုက် လှည့်လည် ပျံသန်းပြမှုကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။

.


 

ရဟတ်ယာဉ်ကို နိုင်ငံတစ်ဝန်း ဘေးအန္တရာယ်များ ဖြစ်ပွား ပေါ်ပေါက်လာပါက ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ် ထောက်ပံ့ရေး စသည့် အရေးပေါ် တုံ့ပြန်မှု လုပ်ငန်းများ အပါအဝင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများနှင့် နိုင်ငံတော် ကိစ္စရပ်များတွင် အသုံးပြုရန် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ဝယ်ယူထားခြင်း ဖြစ်သည်။

.

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနသည် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၇ ရက်တွင် အီတလီနိုင်ငံ Leonardo S.P.A. ကုမ္ပဏီနှင့် ရဟတ်ယာဉ် ဝယ်ယူရေး စာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ၃၀ ရက်တွင် အီတလီနိုင်ငံရှိ ရဟတ်ယာဉ် ထုတ်လုပ်သည့် စက်ရုံတွင် ရဟတ်ယာဉ်ကို စစ်ဆေးလက်ခံခဲ့ပြီးနောက် ရဟတ်ယာဉ်ကို မလေးရှားနိုင်ငံရှိ ကုမ္ပဏီ၏ အလုပ်ရုံသို့ ပို့ဆောင်၍ ပြန်လည် တပ်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဧပြီလဆန်းပိုင်းကပင် ပြီးစီးခဲ့သော်လည်း COVID-19 ကပ်ရောဂါဆိုင်ရာ သွားလာမှု ကန့်သတ်ချက်များကြောင့် မြန်မာနိုင်ငံသို့ ယခုမှပင် ပျံသန်းပို့ဆောင်နိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

.


 

ယင်း ရဟတ်ယာဉ်တွင် ရဟတ်ယာဉ်မှူး ၂ ဦးနှင့် ခရီးသည် ၁၄ ဦး စုစုပေါင်း ၁၆ ဦး လိုက်ပါ စီးနင်းနိုင်ပြီး ကီလိုမီတာ ၆၀၀ ကျော် ပျံသန်းနိုင်ကာ မြေပြင်နှင့်ရေပြင် ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်သည့် ပစ္စည်းကိရိယာများ ပါရှိကြောင်း သိရသည်။

.

[Source/Photo – Myanmar State Counsellor Office]

 

Journal Download

Photo of three cats